Home
မြန်မာသတင်း
ရိဒ်ခေါဒါရ်မြို့ကို သိမ်းပိုက်ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တံတား၌ ချင်းအမျိုးသားအလံလွှင့်ထူ
DVB
·
November 14, 2023

အမှတ် ၂ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ရိဒ်ခေါဒါရ်မြို့ကို ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်တံတားပေါ်မှာ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းကစပြီး ချင်းအမျိုးသားအလံကို လွှင့်ထူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက် ည ၁၁ နာရီက စတင်ပြီး ရိဒ်ခေါဒါရ် စစ်ကောင်စီစခန်းနဲ့ တီအိုချောင်း စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ နိုဝင်ဘာ ၁၃ ရက် မနေ့ ညနေပိုင်းမှာ ရိဒ်ခေါဒါရ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရိခေါဒါရ်တိုက်ပွဲကို ချင်းအမျိုးသားတပ်ဦး (CNA/CNF) က ဦးဆောင်ပြီး CDF-Hualngoram၊ ထန်တလန်-CDF ဒရုန်းအဖွဲ့အပြင် တခြား ဒေသခံကာကွယ်ရေးအဖွဲ့တွေလည်း ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “တံတားပေါ်က စကစစစ်ဆေးရေးဂိတ်တွေကိုလည်း ကာကွယ်ရေးတပ်တွေက နေရာယူထားတယ်။ ဒီနေ့လယ်တော့ ပစ်သံမကြားရသေးဘူး။ ငြိမ်နေတဲ့သဘောရှိတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူယူ ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲက ဇိုခွါထာရ်ရွာထဲကို လက်နက်ကြီး ကျရောက်တာကြောင့် အရပ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရိဒ်ခေါဒါရ်မြို့ အမှတ်-၁၊ အမှတ်-၂ နဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းအားလုံးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပိတ်ထားလိုက်ပြီး အခြေအနေတည်ငြိမ်မှ ပြန်လည်ဖွင့်လှစ်မယ်လို့ CDF-Hualngoram က နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024