DVB Logo
Home
မြန်မာသတင်း
လွိုင်ကော် ၄ ရက်တာတိုက်ပွဲအတွင်း အရပ်သား ၃၀ ကျော် သေဆုံး၊ ၅၀ ကျော်ဒဏ်ရာရ
DVB
·
November 15, 2023
လွိုင်ကော် ၄ ရက်တာတိုက်ပွဲအတွင်း အရပ်သား ၃၀ ကျော် သေဆုံး၊ ၅၀ ကျော်ဒဏ်ရာရ
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ နိုဝင်ဘာ ၁၁ ရက်က စတင်ပြီး  ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေသလို   ၄ ရက်အတွင်း သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၃၄ ဦး သေဆုံးကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာရ ရှိခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အတွင်းရေးမှူး ဗညားခွန်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိကတော့ ကျနော်တို့ ကောက်ရတဲ့ သတင်းအချက် အလက်တွေအရက ၃၄ ဦး သေဆုံးသွားတယ်ဆိုတာ ကျနော်တို့ အတည်ပြုနိုင်တာပေါ့နော်။ အမှန်က ဒီထက်များနိုင်တယ်ဆိုတာ ကျနော်တို့ ခန်းမှန်းထားပါတယ်။ ၃၄ ဦးကတော့ ကျနော်တို့ အချက်အလက် ပြည့်ပြည်စုံစုံရရှိတဲ့ စာရင်းဖြစ်ပါတယ်။ အဲဒါက မိုးဗြဲဘက်မှာက ၆ ဦးနဲ့ ကျန်တဲ့ဟာကတော့ လွိုင်ကော်အနီးအနားနဲ့ လွိုင်ကော်မြို့ပေါ်က ဖြစ်ပါတယ်။”

အရပ်သား သေဆုံးမှုတွေဟာ လွိုင်ကော်မြို့ပေါ်က  နာနတ်တော၊ နန့်ကွတ်၊ ဓမ္မရုံ၊ ဒေါဥခူ၊ နောင်ယား၊ ထေးငါးလျားစတဲ့ ရပ်ကွက်တွေဖြစ်ပြီး နာနတ်တောရပ်ကွက်မှာ အများဆုံးလို့ သိရပါတယ်။

မနေ့ နိုဝင်ဘာလ ၁၄ ရက်တည်းမှာ အရပ်သားသေဆုံးမှု ၁၄ ဦး ရှိခဲ့ပြီး အသက် ၈ နှစ်ကလေးငယ်ကနေ အသက် ၇၀ သက်ကြီးရွယ်အိုလည်း ပါဝင်ကြောင်း  ဗညားခွန်အောင်က ပြောပါတယ်။

“မနေ့က သေဆုံးတဲ့အထိမှာ အသက်ကြီးဆုံး ၇၀ ကျော်တဦးပေါ့နော်။ ပစ်ခတ်ခံရလို့ သေဆုံးတာရှိတယ်။ ဒါလွိုင်ကော်မြို့ တိုက် ၆ လုံးနား နောင်ယားရပ်ကွက်ထဲက ဖြစ်တယ်။ နောက်ပြီး‌တော့ ဗုံးကျရောက်ပေါက်ကွဲလို ၈ နှစ်သား တယောက်ကလည်း မနေ့က သေဆုံးထဲမှာ ပါတယ်။ သေဆုံးမှုအများဆုံးကတော့ လက်နက်ကြီးပေါ့နော်။ လက်နက်ကြီး ကျကွဲပြီး ထိမှန်သေဆုံးတာ အများစုဖြစ်တယ်။ ဒုတိယကတော့ ဟိုသွားဒီသွားနဲ့ ရပ်ကွက်ထဲ ပစ်ခတ်ခြင်းခံရလို့ သေဆုံးတာ၊ ဒါဒုတိယလိုက်ပြီးတော့မှ လေယာဉ်နဲ့ ဗုံးကြဲလို့သေဆုံးတာက နံပါတ် ၃ အဆင့်ပေါ့နော်။ တချို့ကတော့ နှလုံးရပ်ပြီးတော့မှ ဆုံးသွားတဲ့သူတွေလည်းရှိပါတယ်။ သက်ကြီးရွယ်အိုတွေထဲကလေ။ ဒါပေမဲ့ အဲဒါက ကျနော် ပြောတဲ့ ၃၄ ဦးထဲမှာ ထည့်သွင်းထားခြင်းမရှိပါဘူး။”

သေဆုံးသူ အယောက် ၃၀ ကျော်ထဲက အလောင်း ၇ ခုကိုသာ ဆွဲထုတ်နိုင်ပြီး ကျန်အလောင်းကောက်လို့ မရတဲ့ အခြေအနေမှာရှိနေတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူ တဦးက  ပြောပါတယ်။

၄ ရက်တာ တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိမှုတွေ လည်း ၅၀ ကျော်ရှိပါတယ်။  

စစ်ကောင်စီကတော့ မနေ့မနက်စောပိုင်းကစပြီး ညပိုင်းအထိ လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်နေတဲ့အပြင် လေယာဉ်နဲ့ အကြိမ်ပေါင်း ၃၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ကူညီကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။

လွိုင်ကော်မြို့မှာ ၁၁၁၁ စစ်ဆင်ရေး တိုက်ပွဲစတဲ့ နိုဝင်ဘာ ၁၁ ရက်ကနေ မနေ့ကအထိ လွိုင်ကော် လူထု ၂၀၀၀၀ နီးပါးကို ကယ်ထုတ်နိုင်ခဲ့ပြီး သူတို့အတွက် နေရာထိုင်ခင်း၊ အစား သောက်၊ အဝတ်အစား အရေးပေါ်လိုအပ်နေကြောင်းလည်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အတွင်းရေးမှူး ဗညားခွန်အောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013