DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့ပေါ်  တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ ပိတ်မိ
DVB
·
November 13, 2023
လွိုင်ကော်မြို့ပေါ်  တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ ပိတ်မိ
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့မှာ နိုဝင်ဘာ ၁၁ ရက် မနက်ကစပြီး ကရင်နီပူးပေါင်းတပ်တွေက operation 1111 စစ်ဆင်ရေးစတင်ကာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတာ ဒီကနေ့ဆိုရင် ၃ ရက်မြောက်က်ရှိလာပြီဖြစ်ပါတယ်။

ဒီကနေ့ မနက် ၆ နာရီလောက်ကတည်းကစပြီး လွိုင်ကော်မြို့ ထေးငှားလျားကန်အနီး၊ နာနတ်တော၊ နွာလဝိုးနဲ့ နောင်ယား ရပ်ကွက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ဒီနေ့မနက်က ၁၀ နာရီဝန်းကျင်က လွိုင်ကော်အကျဉ်းထောင်ဘက် တိုက်ခိုက်ခံရပြီး အကျဉ်းထောင်ပေါက်သွားကြောင်း သတင်းတွေထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်ကတော့ တိုက်လေယာဉ်တွေအသုံးပြုကာ နောင်ယားဈေး၊ ချိကယ်ရွာ နားတဝိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လေယာဉ်ကြဲတော့ ဘယ်သူမှအပြင်ထွက်မကြည့်ရဲဘူး။”

နာနတ်တောရပ်ကွက်မှာ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းကနေ ဒီနေ့အထိ  ပိတ်မိနေတဲ့ ဒေသခံတဦးက “ညီမတို့ပုန်းနေတဲ့အိမ်မှာ လက်နက်ကြီးကျတယ်။ ဘာမှတော့မဖြစ်ဘူး၊ ဆက်ဆုတောင်းပေးအုန်းနော်၊ ဒီနေ့အတွက် ဘုရားသခင် ထွက်လမ်းပြင်ဆင်ပေးဖို့။  ညီမအိမ်မှာလည်း လက်နက်ကြီးကျတယ်။ ဘေးအိမ်မှာရှိတဲ့ အစ်ကိုတယောက်ပေါင်ထိတယ်။ ညီမတယောက်က လက်ထိတယ်။ အသိတယောက်က ခြေထောက်ထိတယ်။ အပေါ်က နှစ်ယောက်က သိပ်ဆိုးဆိုးဝါးဝါးမဟုတ်ဘူး။ ခြေထောက်ထိတဲ့ တယောက်က အနာကြီးတယ်။ အခုက အိမ်မှာပဲ ကုနေကြတာ။ အခုက ဘယ်ပရဟိတအဖွဲ့ကမှ မလာရဲဘူး။ တနေကုန်ဗုံးကြဲနေတာ။ အမြောက်တွေနဲ့လည်း တောက်လျှောက်ပစ်နေလို့။ ပြီးတော့ အခုက မြို့အဝင်အထွက်လမ်းတွေကို အကုန်ပိတ်ထားတယ်။ ဘုရားဖြူဘက်သွားတဲ့ လမ်းတခုပဲ ကျန်တော့တယ်။ ကျမတို့ ဒီကနေ ထွက်သွားနိုင်ဖို့ ဆုတောင်းပေးပါဦးနော်။”

ဒီလိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေရဲ့ နေအိမ်အများအပြား ပျက်စီးသွားပေမယ့် အရေအတွက် အသေအချာ မသိရသေးပါဘူး။

ဒီတိုက်ပွဲနဲ့ တဆက်တည်းမှာပဲ လွိုင်ကော်မြို့က ထွက်လို့ရတဲ့ ဒေသခံတချို့က ဒီးမော့ဆိုဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြသလို မိုးဗြုမြို့က ပြည်သူတွေလည်း ဖယ်ခုံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။

“မိုးဗြဲဘက်က စစ်ရှောင်တွေ ဖယ်ခုံရောက်လာ။ လွိုင်ကော်က စစ်ရှောင် ဒမဆ (ဒီးမော့ဆို) အနောက်ဘက်ရောက်၊ ရှမ်းကယားနယ်စပ်က စစ်ရှောင်တွေ လယ်ထဲပုန်းနေတယ်။”

လွိုင်ကော်မြို့အပါအဝင် အနီးနားရှိ စစ်ကောင်စီတပ်စခန်းတွေကို operation 1111 က နိုဝင်ဘာ ၁၁ မနက်အစောပိုင်းက စစ်ကြောင်း ၃ ခု နဲ့ ဝင်ရောက်တိုက်လိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်း ၇ ခုအပြင် တိုက်လေယာဉ်တစီးကို ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013