
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်စာသင်ကျောင်းကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် ၃ ယောက် သေဆုံးပြီး ထိခိုက်မိသူတွေလည်း များတယ်လို့ စစ်ဘေးရှောင်အမျိုးသားတယောက်က ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်တပ်ရဲ့ Y-12 လေယာဥ်ကနေ ဗုံးကြဲသလို ဂျက်တိုက်လေယာဉ်နဲ့လည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် ၃ တန်းအရွယ် ကျောင်းသား ၁ ယောက်၊ ၅ တန်းနဲ့ ၇ တန်းအရွယ် ကျောင်းသူ ၂ ယောက် နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသားတယောက်က “ဂျက်ဖိုက်တာနဲ့လည်း ကြဲတယ်။ Y-12 နဲ့လည်း ပတ်ကြဲသွားတယ်။ ကလေးတွေ သေဆုံးတာ၊ ကျောင်းကိုကြဲတာပေါ့နော်။ ပြီးတော့ ၆ ဦး ၇ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်”လို့ ပြောပါတယ်။
တိုက်ပွဲမရှိဘဲ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ပွဲချင်းပြီး ဆုံးတဲ့ ကလေးငယ်တွေ ရှိသလို ထိခိုက်ဒဏ်ရာပြင်းထန်လို့ အသက်စိုးရိမ်ရတဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ်နဲ့ တခြား ထိခိုက်မိသူတွေလည်း ရှိနေတာပါ။
စစ်တပ်က လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းကို အောက်တိုဘာလ ၂၃ ရက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့ပါသေးတယ်။











