DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
လွိုင်ကော်တွင် တိုင်းစစ်ဌာနချုပ် အခြေစိုက်၊ စစ်ရေးသက်ရောက်မှု ဘာတွေရှိနိုင်မလဲ
မောရစ်
·
October 1, 2026
Photo: KNDF‌
Photo: KNDF‌
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း ခိုလမ်မြို့မှာ အခြေစိုက်ခဲ့တဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) ကို ကယားပြည်နယ် လွိုင်ကော်မြို့က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိတဲ့နေရာဆီ ရွှေ့ပြောင်းပြီး တိုးချဲ့အခြေစိုက်လိုက်ပါတယ်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အဆင့်ရှိတဲ့ လွိုင်ကော်မြို့မှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တခုကို စစ်တပ်က တိတ်တဆိတ် လာတိုးချဲ့ အခြေစိုက်ထားတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ကောင်စီ (IEC) က DVB ကို အတည်ပြုပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ခိုလမ်မြို့မှာ ၂၀၁၁ ခုနှစ်က အခြေစိုက်ခဲ့တဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(ရလခ) ကို လွိုင်ကော်မြို့ကို ပြောင်းရွှေ့လိုက်တာဖြစ်ပြီး ဒါဟာ ကရင်နီဒေသကို စစ်ရေးအရ ပိုပြီး ဖိအားပေးဖို့အတွက် ဖြစ်နိုင်သလို ကရင်နီနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နေပြည်တော်ကို ကာကွယ်ဖို့အတွက်လည်း ဖြစ်နိုင်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး ၂ ဗညားခွန်အောင်က သုံးသပ်ထားပါတယ်။

“အခုရက်ပိုင်းမှာတော့ ပိုပြီးတော့ ခပ်စိပ်စိပ်လေးတွေ ဗုံးကြဲတိုက်ခိုက်တာတွေ ဒီ စက်တင်ဘာလထဲမှာဆိုရင် အင်မတန်များတယ်။ နေရာတော်တော်များများကို ဒရုန်းနဲ့ သော်လည်းကောင်း၊ လက်နက်ကြီးနဲ့သော်လည်းကောင်း လေယာဥ်နဲ့ ကြဲတာတွေ ရှိတယ်။ အခုလည်း တိတ်တဆိတ်ပေါ့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိတ်တဆိတ် လာဖွင့်တာကလည်း တချို့ သုံးသပ်သလိုပါပဲ ကျနော်တို့ အကြမ်းဖျင်း စဉ်းစားမိတယ်ပေါ့၊ ဖြစ်နိုင်ခြေရှိတဲ့ အနေအထား ရှိတယ်။ နေပြည်တော်ကို ကာမဲ့ပုံစံရယ် ပြီးတော့မှ ကျနော်တို့ ကရင်နီကို ပိုပြီးတော့ စစ်ရေးအရ ဖိအားပေးပြီးတော့မှ အရင်တုန်းက သူတို့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ခုနကပြောတဲ့ ပုံစံသုံးခုနဲ့ ပြန်လည်ထိန်းချုပ်နိုင်သည်ဖြစ်စေ ဖျက်ဆီးဖို့အတွက် လုပ်နိုင်ခြေရှိတယ်လို့ ကျနော်တို့ အကြမ်းဖျင်း မြင်ထားတယ်။”

လက်ရှိ စစ်အာဏာရှင်တပ်က မြို့တော် လွိုင်ကော်နားတဝိုက်က မြို့တွေနဲ့ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် မိုးဗြဲ၊ နန်းမယ်ခုံ၊ ဒေါငံခါးနဲ့ ဒီးမော့ဆိုနား တဝိုက်ကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတွေနဲ့ ဖိအားပေးထားနိုင်ပေမဲ့ မြေပြင်စစ်ကြောင်းမှာတော့ အထိနာနေပြီး နယ်မြေစိုးမိုးမှုပိုင်းမှာ တော်လှန်ရေး တပ်ပေါင်းစုဘက်က အားသာနေပါတယ်။

ဒါကြောင့် မြေပြင်ကို ပြန်စိုးမိုးနိုင်ဖို့အတွက် အခုလို တိုင်းစစ်ဌာနချုပ်တခုကို လွိုင်ကော်ဘက်ကို ရွှေ့တာဖြစ်ပြီး မိုးအကုန် ပွင့်လင်းရာသီရောက်တာနဲ့ လွိုင်ကော်နားတဝိုက်က မြို့တွေနဲ့ ကျေးရွာတွေကို ထိုးစစ်ဆင်နိုင်တယ်လို့ ရှမ်းတောင်နဲ့ ကရင်နီပြည် နယ်စပ်တကြောမှာ စစ်ရေး လှုပ်ရှားနေတဲ့ စစ်ရေးရင်းမြစ်ကလည်း သုံးသပ်ထားပါတယ်။

စစ်အာဏာရှင်တပ်ဟာ စစ်ရေးပစ်မှတ်ထက် အရပ်သားပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်လာနိုင်တဲ့အတွက် ကရင်နီဒေသခံတွေအနေနဲ့ စစ်ရေးသတိ အပြည့်ရှိနေဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

“ကျနော်တို့ဘက်မှာ သူတို့က ကြီးကြီးမားမား မထိုးရင်တောင် လုံးဝကို ခိုင်ခိုင်မာမာ ထိန်းချုပ်မဲ့ ပုံစံမျိုး လုပ်လာမယ်လို့တော့ ယူဆတာပေါ့။ အထူးသဖြင့် နေပြည်တော်မှာ သူတို့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ အနှောင့်အယှက် မဖြစ်အောင်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့၊ နောက်တခုက ဒီဒေသမှာ ထိုးနိုင်ခြေ ဖြစ်နိုင်ခြေကတော့ နယ်စပ်ဒေသဘက်တွေမှာတော့ စစ်ရေးအရ သူတို့ ပိုပြီးလုပ်ဆောင်လာလိမ့်မယ်လို့ သုံးသပ်ရပါတယ်။ အခုက စစ်ဘေးရှောင်ပြည်သူတွေ အပေါ်မှာလည်း သူတို့က ငဲ့တဲ့အနေအထားမျိုး မရှိတော့ဘူးလို့တော့ ယူဆတယ်။ ရခိုင်ဖြစ်စဉ်တွေမှာကော တခြားဒေသ ဖြစ်စဉ်တွေမှာကော အများကြီး တွေ့ရတာပေါ့။ အဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လမ်းကြောင်းတလမ်းကတော့ ဖောက်ဖို့တော့ ရှိမယ်ထင်တယ်။”

နယ်မြေအများစု လက်လွှတ်ထားရတဲ့ ကရင်နီပြည်နယ်မှာ စစ်အာဏာရှင်တပ်က စစ်ဘေးရှောင် စခန်းတွေ၊ လူနေရပ်ကွက်တွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာတင် ကလေးငယ်တွေ အပါအဝင် အရပ်သား တဒါဇင်ကျော် သေဆုံးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

တိုက်ပွဲဖြစ်နေတာမရှိဘဲ အရပ်သားတွေရှိတဲ့ နေရာတွေကို အသေခံဒရုန်းတွေ သုံးပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခဲ့တဲ့အတွက် မော်ချီး၊ ရှားတော၊ လွိုင်ကော်အရှေ့ခြမ်းနဲ့ ဒီးမော့ဆို အနောက်ခြမ်းတွေက စစ်ရှောင်တွေနဲ့ ဒေသခံတွေ အများဆုံး ထိခိုက်သေဆုံးခဲ့ရတာပါ။

ဒါကြောင့် လာမဲ့ ပွင့်လင်းရာသီမှာ မြေပြင်ထိုးစစ်နဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေပါ ပြင်းထန်လာနိုင်တဲ့အတွက် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးသတိနှိုးဆော်ချက်တွေနဲ့ လမ်းအသွားအလာ ကန့်သတ်ချက်တွေကို သတိထား လိုက်နာကြဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013