DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
လွိုင်ကော်တွင် စစ်စခန်း အသိမ်းခံရပြီးနောက် စစ်တပ်က အရပ်သားများကို ၃ ရက်ဆက် ဗုံးကြဲ
မောရစ်
·
September 8, 2026
Photo: DVB
Photo: DVB
Donate to DVB

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်အာဏာရှင်တပ် အခြေချဖို့ ကြိုးပမ်းနေတဲ့ စစ်စခန်းတခုကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး သုံးရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တယောက် အပါအဝင် ဒေသခံပြည်သူတချို့ သေဆုံး ထိခိုက်ခဲ့ရပါတယ်။

လွိုင်ကော်မြို့နယ်၊ အရှေ့ဘက်ခြမ်း လွယ်ထွဲကျေးရွာအနီးမှာ စစ်တပ်က အရင် လာရောက်သိမ်းပိုက်ပြီး အခြေစိုက်တပ်စွဲဖို့ ပြင်ဆင်နေတဲ့ တပ်စခန်းတခုကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုအဖွဲ့တွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။

အဆိုပါတိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတချို့က ဖော်ပြကြပေမဲ့ မြေပြင်မှာ သေဆုံးတဲ့စာရင်းဟာ ဒီထက်ပိုများနိုင်တယ်လို့ DVB စစ်ရေးရင်းမြစ်က ပြောပါတယ်။‌

“ရန်သူဘက်က အရင်လာသိမ်းတာ။ သိမ်းတော့ ပါသွားတာပေါ့။ ပါသွားတော့ အဲဒါကို ပြန်လိုက်သိမ်းတာ၊ သူ (စစ်တပ်) အဲဒီမှာ အခြေချဖို့ပြင်နေတဲ့ ပုံစံမျိုး။”

အခုလို စခန်းတခု အသိမ်းခံလိုက်ရပြီး စစ်မြေပြင်မှာ အထိနာသွားတဲ့ စစ်တပ်ဟာ ကရင်နီပြည်နယ် အတွင်းက အရပ်သားနေရာတွေနဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက လွိုင်ကော်အရှေ့ခြမ်းရှိ စစ်ရှောင်စခန်း၊ ကျေးရွာတရွာနဲ့ ဘုန်းကြီးကျောင်းတကျောင်းတို့ကို စစ်တပ်က လေကြောင်းကနေ စတင်တိုက်ခိုက်ခဲ့သလို စက်တင်ဘာ ၅ ရက်မှာလည်း စစ်ရှောင်စခန်း စာသင်ကျောင်းအနီးကို ထပ်မံဗုံးကြဲခဲ့တာကြောင့် အရပ်သား နှစ်ယောက် ဒဏ်ရာရရှိကာ စစ်ရှောင်တဲနှစ်လုံး ပျက်စီးခဲ့ပါတယ်။

ဆက်လက်ပြီး စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီဝန်းကျင်မှာလည်း လွိုင်ကော်အရှေ့ခြမ်းကို တတိယမြောက်နေ့အဖြစ် ထပ်မံဗုံးကြဲခဲ့တာပါ။

ဒါ့အပြင် စက်တင်ဘာ ၅ ရက်နေ့မှာပဲ ရှားတောမြို့နယ် နော်ပလုကျေးရွာအတွင်းကို စစ်တိုက်လေယာဉ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တယောက် အပါအဝင် ဒေသခံ ၅ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလို ရှေ့တန်းမှာ စစ်ရှုံးတိုင်း နောက်တန်းက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ ပြည်သူလူထုဆီ အကြောက်တရားသွင်းဖို့ စနစ်တကျ ပြုမူဆောင်ရွက်နေတာလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဗညားခွန်အောင်က ပြောပါတယ်။

“အဲဒီဟာက ဘယ်လိုပြောရမလဲ၊ စီမံချက်ရှိရှိ လုပ်ခဲ့တဲ့ဟာပေါ့။ အရင်တုန်းက ကျနော်တို့ ပြောတဲ့ ဖြတ်လေးဖြတ်ပေါ့၊ အခုက ဖြတ်ငါးဖြတ် ဖြစ်သွားတာပေါ့။ သူတို့ရဲ့ အုပ်ချုပ်ရေးအောက်မှာ လာနေရင် ပိုလုံခြုံမယ်ဆိုတဲ့ လူတွေကို mindset သွင်းတာလည်း ပါသလို ကျနော်တို့ တော်လှန်ရေးကို ထောက်ပံ့ပေးတဲ့သူတွေ၊ ပါဝင်တဲ့သူတွေကို မင်းတို့ ကောင်းကောင်းမနေရဘူး၊ မင်းတို့ကို ဖျက်ဆီးမယ်၊ သတ်ဖြတ်မယ်ဆိုတဲ့ မက်ဆေ့ချ်ကို ပြည်သူလူထုကို ပေးတဲ့ဟာမျိုးပေါ့။”

စစ်တပ်ဟာ ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း ကရင်နီဒေသတွင်း ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့အတွက် အရင်ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ “ဖြတ်လေးဖြတ်” မဟာဗျူဟာကို အဆင့်မြှင့်တင်ပြီး ပြည်သူလူထုရဲ့ လူမှုစီးပွားနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုပါ ဖျက်ဆီးတဲ့ “ဖြတ်ငါးဖြတ်” နည်းလမ်းနဲ့ အကြောက်တရားသွင်းဖို့ ကြိုးပမ်းလာနေတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းကာလအတွင်း လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သား ရာနဲ့ချီ ရှိလာနေသလို လူဦးရေရဲ့ သုံးပုံနှစ်ပုံကျော်ဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013