ဆင်ပေါင်ဝဲ အလှူပွဲ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သား ၂၀ နှင့် ရဲဘော် ၉ ဦး သေဆုံး

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ အလှူပွဲ ကျင်းပချိန် စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားအယောက် ၂၀ နဲ့ တော်လှန်ရေးရဲဘော် ၉ ယောက် စုစုပေါင်း ၂၉ ယောက် သေဆုံး ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ် အစိုးရတို့က နိုဝင်ဘာ ၂၈ ရက်မှာ ပူးတွဲထုတ်ပြန် ပါတယ်။
နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ စစ်အာဏာရှင်တပ်က ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချခဲ့သလို လက်နက်ကြီး ၁၂ လုံးနဲ့ အသေခံဒရုန်း ၇ စီး သုံးပြီး တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာမဏေငယ်တပါး အပါအဝင် ကလေးငယ်တွေ၊ ဆရာ၊ ဆရာမတွေနဲ့ အရပ်သား အယောက် ၂၀ ၊ သရက်ခရိုင်တပ်ရင်းက ရဲဘော် ၉ ယောက် အသက်ဆုံးရှုံးခဲ့ပြီး ကလေးငယ် ၁၄ ယောက်အပါအဝင် အရပ်သား ၂၁ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သလို အနီးဝန်းကျင် ကျေးရွာ ၂ ရွာက ဒေသခံ ၄၀၀ ကျော်လည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။











