DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ ရဲစခန်း ၇ ခုထက်မနည်းက တပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာ
DVB
·
November 14, 2023
ရခိုင်ပြည်နယ်၌ ရဲစခန်း ၇ ခုထက်မနည်းက တပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာ
Donate to DVB

ရခိုင်ပြည်နယ်မှာ မြို့နယ် ၃ မြို့နယ်ရှိ  စစ်ကောင်စီလက်အောက်ခံ ရဲတပ်စခန်း ၇ ခုထက်မနည်းမှာ ရဲတပ်ဖွဲ့ဝင်တွေ စခန်းကနေ စွန့်ခွာသွားတယ်လို့  ဒေသခံတွေက  ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်က ရက္ခိုင့်တပ်တော် (အေအေ)ကနေ လူအင်အား ၃၀ ဝန်းကျင်ခန့်ရှိတဲ့ ကျောက်တော် အပေါက်ဝရဲစခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး စခန်းကတပ်ဖွဲ့ဝင်တွေ လက်နက်ချ အလင်းဝင်ခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၃ ရက်မှာပဲ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ တောင်ကုတ်၊ ကျောက်ဖြူနဲ့ ရမ်းဗြဲဘက်တို့က ရဲတပ်စခန်း ၇ ခုထက်မနည်း စခန်းစွန့်ခွာမှုရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာခဲ့တဲ့ ရဲစခန်းတွေကတော့ ကျောက်ဖြူက စနဲမြို့မရဲစခန်း၊ ကပိုင်ချောင်းနယ်မြေရဲစခန်း၊ ကွင်းချောင်းရဲကင်းစခန်းနဲ့ မြိုချောင်းနယ်မြေရဲစခန်းတို့ဖြစ်ပါတယ်။

အဲ့ဒီထဲက အင်အား ၆ ယောက်လောက်ရှိတဲ့ မြိုချောင်းစခန်းက ရဲတပ်ဖွဲ့ဝင်တွေကတော့ အေအေထံမှာ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ နီးစပ်သူက ပြောပါတယ်။

“မြိုချောင်းစခန်းကို မနေ့က ည ၇ နာရီလောက်မှာ အေအေက သိမ်းတာပေါ့နော်။ သူတို့ အကုန်လက်နက်ချကြတယ်။ ခုတော့ အေအေက သူတို့ကို ဖမ်းခေါ်သွားပြီ။”

ဒါ့အပြင် တောင်ကုတ်မြို့နယ်မှာလည်း ရွာမမြို့ရဲစခန်းနဲ့ လမူးတိုက်နယ် ရဲစခန်းတို့က စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်ဟာ နိုဝင်ဘာ ၁၃ ရက်က စခန်းစွန့်ခွာသွားတယ်လို့ တောင်ကုတ်ဒေသခံတဦးက ဆိုပါတယ်။

ကျောက်ဖြူနဲ့ တောင်ကုတ်အပြင် ရမ်းဗြဲ လေးတောင်တိုက်နယ်က သရက်ချိုရဲစခန်းနဲ့ ကျောက်ချောင်းတိုက်နယ်က အောင်လှပြင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေကလည်း မနေ့က နိုဝင်ဘာ ၁၃ ရက်မှာပဲ စခန်းကို အသီးသီးစွန့်ခွာသွားတာဖြစ်တယ်လို့ လေးတောင်တိုက်နယ် ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်က ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းကိုလည်း ရက္ခိုင့်တပ်တော်က ဒီနေ့ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်း ၇ နာရီခန့်မှာ အပြီးတိုင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်က စဖြစ်ပွားတဲ့ ရခိုင်တိုက်ပွဲမှာ ရက္ခိုင့်တပ်တော်ဘက်က တပ်စခန်းတချို့ သိမ်းပိုက်ရရှိသလို စစ်ကောင်စီဘက်က ရဲတပ်စခန်းတချို့ကလည်း မိမိဘာသာ တပ်စခန်းတွေကို စွန့်ခွာမှုရှိနေတာလည်း ဖြစ်ပါတယ်။

ရခိုင်မှာ တိုက်ပွဲစတဲ့နေ့မှာပဲ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေနဲ့ အရပ်သားတွေကို ဖမ်းဆီးတာတွေကို စတင်လုပ်‌ဆောင်လာခဲ့ပြီး မနေ့က တနေ့တည်းမှာပဲ စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက်သူ  အရပ်သား ၁၀ ဦးကျော်အထိ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013