DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စစ်ရေးပဋိပက္ခကြောင့် မသန်စွမ်းသူဦးရေ ပိုမိုမြင့်တက်
DVB
·
October 21, 2026
Photo: Center for Arakan Studies
Photo: Center for Arakan Studies
Donate to DVB

လူဦးရေ ၃ သန်းကျော်ရှိတဲ့ ရခိုင်ပြည်နယ်မှာ မသန်စွမ်းသူ အရေအတွက် ၅ သိန်းကျော် ရှိခဲ့ပြီး လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အရင်ကထက် မသန်စွမ်းသူဦးရေ ပိုမိုမြင့်တက်လာနေတယ်လို့ အာရက္ခလေ့လာရေးစင်တာက ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအတွင်းမှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ လက်နက်ငယ်နဲ့ ပစ်ခတ်မှု၊ မြေမြှုပ်မိုင်း ပေါက်ကွဲမှုနဲ့ မပေါက်ကွဲသေးတဲ့  စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ရုပ်ပိုင်းဆိုင်ရာ၊ အကြားအာရုံနဲ့ အမြင်အာရုံဆိုင်ရာ မသန်စွမ်းမှုတွေ မြင့်တက်လာတယ်လို့ အာရက္ခလေ့လာရေးစင်တာက အသိပေးပါတယ်။

ကုလသမဂ္ဂရဲ့ လေ့လာဆန်းစစ်ချက်တွေအရ မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည်တွေအကြား မသန်စွမ်းသူတွေရဲ့ အခြေအနေမှာ ပိုမိုစိုးရိမ်စရာကောင်းနေတာကို တွေ့ရှိရပါတယ်။

နိုင်ငံအတွင်း စစ်ဘေးရှောင် နေရပ်စွန့်ခွာရသူ ၅ ဒသမ၉ သန်း ရှိတဲ့အထဲက ၁၅ ရာခိုင်နှုန်းမှာ မသန်စွမ်းမှု အမျိုးအစားတခုခုကို ကြုံတွေ့နေရသူတွေ ဖြစ်ပြီး စစ်ဘေးဒုက္ခသည်အိမ်ထောင်စု ၄၀ ရာခိုင်နှုန်းမှာ  မသန်စွမ်းသူ ၁ ယောက် သို့မဟုတ် ၂ ယောက် ပါဝင်နေပါတယ်။

ကြားဖြတ်သန်းခေါင်စာရင်းအရ မသန်စွမ်းလူဦးရေ ၆ သန်းရှိတဲ့အထဲ  ၃ သန်းခွဲ ကတော့ အမျိုးသမီးတွေ ဖြစ်ကြပြီး ပုံမှန်ထက် ပိုမိုခက်ခဲရှုပ်ထွေးတဲ့ လူမှုဘဝ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (UNCRPD) ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။

မသန်စွမ်းသူတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့နဲ့ လူမှုအသိုက်အဝန်းအတွင်း တန်းတူပါဝင်နိုင်ရေးအတွက် “မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ” ကို ၂၀၁၅ ခုနှစ် ဇွန် ၅ ရက်မှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပေးမဲ့ စစ်အာဏာသိမ်းပြီး လက်ရှိအချိန်ထိ ထိုအခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ အာရက္ခလေ့လာရေးစင်တာက ထောက်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မသန်စွမ်းသူတွေ အသက်အန္တရာယ် ထိခိုက် ဆုံးရှုံးမှုအများကြီး ရှိနေတယ်လို့ ဆိုပြီး စစ်အာဏာရှင်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအထိ မသန်စွမ်းသူ ၁၁၇ ယောက် သေဆုံးခဲ့ရကာ လက်ရှိမြေပြင်လက်တွေ့အခြေအနေအရ ပိုသေဆုံးမှု မြင့်တက်နေပါတယ်။

မသန်စွမ်းသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ မသန်စွမ်းအရေး လှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတာလည်းရှိနေပြီး လိုအပ်တဲ့ ဆေးနဲ့ ထောက်ပံ့ကူညီမှုတွေကို ကန့်သတ်ပိတ်ပင်မှုတွေ ကြုံတွေ့နေရတာပါ။

စစ်ဘေးရှောင် မသန်စွမ်းကလေးငယ် ၆၀ ကနေ ၉၀ ရာခိုင်နှုန်းထိ ပညာသင်ကြားခွင့် အပါအဝင် အခြေခံ ကလေးသူငယ်အခွင့်အရေးတွေကို လုံးဝ ဆုံးရှုံးနေကြရတယ်လို့ ဆိုပါတယ်။

အခုလေ့လာဆန်းစစ်ချက်ဟာ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွနဲ့ အာရက္ခလေ့လာရေးစင်တာမှ ကောက်ယူထားတဲ့ အချက်အလက်တွေကို အဓိကအခြေခံပြီး စနစ်တကျ ပြုစုရေးသားထားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရှိ မသန်စွမ်းသူတွေရဲ့ လူမှုစီးပွား၊ ကျန်းမာရေးနဲ့ လုံခြုံရေး အခြေအနေတွေဟာ ဘက်ပေါင်းစုံကနေ ပိုမိုဆိုးရွားလာခဲ့ပြီး ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက “ငုပ်လျှိုးနေသည့် အကျပ်အတည်း” တခုအဖြစ် ထောက်ပြထားကြပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေဟာ အစိုးရအဆက်ဆက် ကောက်ယူတဲ့ နည်းလမ်းပေါ် မူတည်ပြီး ကွဲပြားမှု ရှိတယ်လို့ အာရက္ခလေ့လာရေးစင်တာက ကောက်ယူထားတဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ၂ ဒသမ ၃ သန်း (၄ ဒသမ ၆ ရာခိုင်နှုန်း)ဟာ မသန်စွမ်းသူများ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းမှာတော့ မသန်စွမ်းဦးရေဟာ ၁၂ ဒသမ ၈ ရာခိုင်နှုန်း (၆ သန်းနီးပါး) ထိ ရှိလာခဲ့ပါတယ်။

အခု စစ်အာဏာရှင်လက်ထက် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ အသက် ၅ နှစ်နဲ့အထက် လူဦးရေရဲ့ ၇ ဒသမ ၆ ရာခိုင်နှုန်း ( ၂ ဒသမ ၃ သန်းခန့်) မှာ မသန်စွမ်းမှု ပုံစံတမျိုးမျိုး ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013