
စင်ကာပူနိုင်ငံမှာ မသန်စွမ်းသူတွေကို အလုပ်အကိုင်အခွင့်အလမ်း ပိုပြီး ဖန်တီးပေးနိုင်ဖို့ အလုပ်ခန့်ပေးတဲ့ ကုမ္ပဏီတွေကို စင်ကာပူဒေါ်လာ သန်း ၃၀ ထောက်ပံ့ပေးမယ်လို့ စင်ကာပူအစိုးရက နို၀င်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
Enabling Mark Awards 2026 ဆုပေးပွဲအခမ်းအနားမှာ စင်ကာပူကျန်းမာရေးဝန်ကြီး အွန်ယဲကွန်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
မသန်စွမ်းဝန်ထမ်းတွေကို အလုပ်ခန့်ထားတဲ့ကုမ္ပဏီတွေ အနေနဲ့ လုပ်ငန်းခွင်ပြင်ဆင်မှု၊ သင်တန်းပေးမှုနဲ့ ဝန်ထမ်းတွေကို အထူးကူညီပံ့ပိုးမှုတွေအတွက် ထောက်ပံ့ကြေး ရရှိမယ်လို့ ဆိုပါတယ်။
၂၀၂၇ ခုနှစ် ဇန်နဝါရီလကစပြီး အနည်းဆုံး ၆ လလောက် အလုပ်လက်မဲ့ဖြစ်နေတဲ့ မသန်စွမ်းသူတွေကို အလုပ်ခန့်မယ်ဆိုရင် သတ်မှတ်ချက်ပြည့်မီတဲ့ ဝန်ထမ်းတယောက်အတွက် အလုပ်ရှင်တွေက လစာ ထောက်ပံ့ကြေး ၁ လကို စင်ကာပူဒေါ်လာ ၁,၀၀၀ အထိ ရရှိမဲ့အပြင် ထောက်ပံ့မှုကာလကိုလည်း ၁၂ လအထိ တိုးမြှင့်ပေးမယ်လို့ ပြောပါတယ်။
လက်ရှိ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိ မသန်စွမ်းသူတွေရဲ့ ၃ ပုံ ၁ ပုံကျော်သာ အလုပ်အကိုင် ရရှိပြီး ၂၀၃၀ ပြည့်နှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ဖို့ အစိုးရက ရည်မှန်းထားတယ်လို့ ကျန်းမာရေး၀န်ကြီးက ဆိုပါတယ်။
စင်ကာပူအစိုးရက မသန်စွမ်းသူတွေကို အလုပ်ခန့်ထားတာဟာ ကုမ္ပဏီတချို့ရဲ့ စေတနာအပေါ်သာ မူတည်မနေသင့်ဘဲ လုပ်ငန်းခွင်အားလုံးမှာ ပုံမှန်ကျင့်သုံးတဲ့ အလေ့အထတခု ဖြစ်လာဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
မသန်စွမ်းသူတွေကို အလုပ်ခန့်အပ်ရာမှာ အလုပ်တာဝန်တွေ ပြန်လည်ပြင်ဆင်တာနဲ့ လုပ်ငန်းခွင်အဆောက်အအုံ ပြင်ဆင်တာတို့အတွက် ကုန်ကျစရိတ်တွေ ရှိလို့ စင်ကာပူအစိုးရက ဒီကုန်ကျစရိတ်ကို ဝေမျှခံစားပေးဖို့ ပြင်ဆင်ထားပါတယ်။
Enabling Mark Awards ဆုဟာ စင်ကာပူနိုင်ငံမှာ မသန်စွမ်းသူတွေအတွက် ခွဲခြားဆက်ဆံမှု မရှိဘဲ အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းခွင်တွေ ဖန်တီးပေးထားတဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေနဲ့ လူတဦးချင်းစီရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုပေးတဲ့ အမျိုးသားအဆင့် တရားဝင် အသိအမှတ်ပြုဆု ဖြစ်ပါတယ်။
Source: Straitstimes











