
ရခိုင်ပြည်နယ်၊ ဝီရဌာနီ(ပေါက်တော)၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်ကို စက်တင်ဘာ ၃၀ ရက် ညက စစ်အာဏာရှင်တပ်က ဗုံးလာကြဲတဲ့အတွက် အမျိုးသားတယောက် သေဆုံးပြီး ကလေးတယောက် အပါအဝင် ၈ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့ ည ၁၀ နာရီလောက်မှာ ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းရှိ ကူတောင်ရွာကို စစ်တပ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာလို့ အသက် ၅၁ နှစ်အရွယ် ဦးအောင်ထွန်းသိန်း(ခ)ဒူးကြီးသေဆုံးပြီး သူရဲ့ဇနီးဖြစ်သူ ဒေါ်ဝင်းနု (၄၁ နှစ်)က ဒဏ်ရာရတာ ဖြစ်ပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “သေဆုံးထိခိုက်သူတို့က လင်မယားပါ ။ ဗုံး ၂ လုံးချခဲ့တယ်။ ရွာထဲ သူတို့အိမ်နားမှာ တလုံးကျတယ်။ အပြင်မှာ တလုံးကျတယ်” လို့ပါတယ်။
စက်တင်ဘာ ၃၀ ရက် ည ၉ နာရီကျော်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာနားသို့ စစ်တပ် က ဗုံးကြဲခဲ့တဲ့အတွက် ကလေးတယောက် ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံက “ည ၉ နာရီကျော်လောက်မှာ လာချတယ်။ ကျောက်ဆိပ်ရွာနားကျတယ် ကလေး တယောက်နဲ့ အမျိုးသမီးတယောက်ဒဏ်ရာရတယ်"လို့ ပြောပါတယ်။
ဒဏ်ရာရသူကတော့ ပုဏ္ဏားကျွန်းမြို့က စစ်ရှောင်အသက် ၄ နှစ်အရွယ် မောင်နေကျော်လင်းနဲ့ ကျောက်ဆိပ်ရွာသူ အသက် ၂၆ နှစ်အရွယ် မခင်ခင်သန်းတို့ဖြစ်ကြပါတယ်။
မနေ့ညသန်းခေါင်း ၁၂ နာရီဝန်းကျင်မှာ ဝီရဌာနီ (ပေါက်တော)မြို့ကိုလည်း စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတယောက် ပြောပါတယ်။
"အမျိုးသမီး ၅ ယောက်ဒဏ်ရာရတယ်။ Y12 လာချတာပါ၊ ညဉ့် ၁၂ နာရီကျော်လောက် ရှိမယ်၊ လူတွေ အကုန်အိပ်နေချိန်မှာလာချတာပါ။”
မြို့ပေါ်ရပ်ကွက်တွေနဲ့ ရေကြောင်းလမ်းတွေကို စစ်တပ်က ဗုံးတွေကြဲချခဲ့တာဖြစ်ပြီး အမှတ် (၃) ရပ်ကွက် ဖောင်တော်ချောင်းထဲကို ဗုံး ၂ လုံး၊ အမှတ် (၄) ရပ်ကွက် သင်္ဘောဆိပ်အနီး မြစ်ထဲကို ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အပြင် အမှတ် (၅) ရပ်ကွက်အတွင်းရှိ ဘဝမ်းဘုန်းတော်ကြီးကျောင်း ဝန်းကျင်ကိုလည်း ဗုံးတွေကျခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်ကလည်း ကျောက်တော်မြို့ကို စစ်တပ်က ကြဲချခဲ့တဲ့အတွက် အမျိုးသမီးနဲ့ ကလေးအပါအဝင် အယောက် ၅၀ သေဆုံးပြီး ၆၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။










