
အရပ်သားတွေကို အကြမ်းဖက်နေတာအဆုံးသတ်ရေးနဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ရရှိရေးဟာ ရိုဟင်ဂျာအသိုင်းအဝန်းတွေ ဘေးကင်းကင်း နေရပ်ပြန်နိုင်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတွေဖြစ်တယ်လို့ IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။
ဒီလိုဆောင်ရွက်နိုင်မှ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုင်းအဝိုင်းအားလုံးအတွက် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းစဉ်ကို စတင်နိုင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က သူ့ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၆ ရက် ကြာ တရားဝင်ခရီးစဉ်အဆုံးမှာ ပြောတာလို့ အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး အရပ်သားတွေကို ပစ်မှတ် ထားတိုက်ခိုက်တာတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ နေရပ် တွေဆီ ဘေးကင်းကင်း ပြန်မလာနိုင်သေးဘူးလို့ ဆိုပါတယ်။
နီကိုလတ်စ်ခွန်ဂျန် က “ရခိုင်ပြည်နယ်မှာ မတူကွဲပြားတဲ့ လူမျိုးစု၊ ဘာသာရေးနဲ့ နိုင်ငံရေးခံယူချက် အသီးသီးရှိသူတွေက လက်ရှိမှာ အလွန်ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန် နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယန္တရားက စုံစမ်းစစ်ဆေးနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခိုလှုံလာခဲ့ကြတဲ့ ရိုဟင်ဂျာအများအပြားက သူတို့ မကြာသေးခင်က ကြုံတွေ့ခဲ့ရတဲ့ စိတ်ထိခိုက်စရာ အတွေ့အကြုံတွေ ကျနော့်ကို ပြောပြခဲ့ကြပါတယ်။ သူတို့ရဲ့ ထွက်ဆိုချက်တွေဟာ ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ရှေ့ဆက်နိုင်ဖို့အတွက် အလွန်အရေးကြီးပါတယ်” လို့ ပြောပါတယ်။
ခရီးစဉ်အတွင်း နီကိုလတ်စ်ခွန်ဂျန်ဟာ အစိုးရအဆင့်မြင့်တာဝန်ရှိသူတွေ၊ ကော့ဇ်ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေနဲ့ တခြားလူမှုအသိုက်အဝန်းတွေက လူပေါင်း ၂၀၀ ကျော်နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီအထဲမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံကနေ ထွက်ပြေး လာခဲ့ကြသူတွေ လည်း ပါပါတယ်။
နီကိုလတ်စ်က “ကျနော်နဲ့ တွေ့ဆုံစကားပြောခဲ့သူတိုင်းက ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေကို အထူးစိုးရိမ်နေကြပါတယ်။ အရပ်သားတွေကို အကြမ်းဖက်နေမှု အဆုံးသတ်ရေးနဲ့ ဒီရာဇဝတ်မှု တွေအတွက် တရားမျှတမှုရရှိရေးဟာ ရိုဟင်ဂျာအသိုက်အဝန်းတွေ ဘေးကင်းလုံခြုံစွာနဲ့ ရေရှည်တည်တံ့စွာ နေရပ်ပြန်နိုင်ဖို့အတွက် အရေးကြီးတဲ့ခြေလှမ်းတွေ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်မှသာ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုက်အဝန်းအားလုံးအတွက် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းစဉ်ကို စတင်နိုင်မှာ ဖြစ်ပါတယ်” လို့ ဆက်ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားဆဲပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေကျူးလွန်နေတာကြောင့် ရိုဟင်ဂျာ ၁၅၄,၀၀၀ ကျော်ဟာ ၂၀၂၄ ခုနှစ် အစောပိုင်းကစလို့ ကော့ဇ်ဘဇားကို ထွက်ပြေးလာကြတာကြောင့် အခုအခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ နေရပ်စွန့်ခွာခဲ့တဲ့ ရိုဟင်ဂျာဦးရေ ၁ ဒသမ ၂ သန်းကျော် ရှိလာပြီလို့ IIMM က ဆိုပါတယ်။
ခရီးစဉ်အတွင်း နီကိုလတ်စ်ခွန်ဂျန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနဲ့ ကယ်ဆယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံခြားရေးအတွင်းဝန်၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် စတဲ့သူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က လူမျိုးပြုန်းစေမှု တားဆီးကာကွယ်ရေးနဲ့ ပြစ်ဒဏ် ပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ မြန်မာနိုင်ငံရဲ့တာဝန်ဝတ္တရားတွေကို ဆန်းစစ်တဲ့အမှုအပေါ် တရားသူကြီးတွေက စဉ်းစားသုံးသပ်နေတဲ့ ကာလအတွင်း နီကိုလတ်စ်ခွန်ဂျန်ဟာ ဒီခရီးစဉ်ကို သွားခဲ့တာပါ။
IIMM ကို ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာကျုးလွန်တဲ့ အကြီးလေးဆုံး နိုင်ငံတကာ ရာဇဝတ်မှုနဲ့ တခြား နိုင်ငံတကာဥပဒေတွေ ချိုးဖောက်တာအတွက် အထောက်အထားတွေ စုဆောင်းဖို့၊ စိစစ်သုံးသပ်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။











