
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU) က ကန့်ကွက်ရှုတ်ချ လိုက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)အဖွဲ့ ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ပေးပို့ကြဖို့ တောင်းခံလိုက်ပါတယ်။
တနင်္လာနေ့က ကျောက်တော်ဈေးကို မြန်မာစစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့တဲ့အတွက် ရှုတ်ချကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေဟာ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုရှိပြီး လေးစား လိုက်နာရမှာဖြစ်ကြောင်း EU ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ ထိခိုက်နစ်နာရသူတွေနဲ့ မိသားစုဝင်တွေအတွက် ထပ်တူညီခံစားရပါကြောင်းနဲ့ မြန်မာပြည်သူလူထုနဲ့တူ တသားတည်း ဆက်လက်ရပ်တည်နေကြောင်းလည်း စက်တင်ဘာ ၃၀ ရက် EU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကျောက်တော် လေကြောင်းတိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတွေ၊ ဒီဖြစ်ရပ်အကြောင်း တိုက်ရိုက်သိရှိထားသူတွေအနေနဲ့ အချက်အလက်တွေ မျှဝေပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ (IIMM) က တောင်းခံထားပါတယ်။
စက်တင်ဘာလ ၂၈ ရက် နေ့လယ်က ကျောက်တော်မြို့ရှိ လူစည်ကားရာ အိန္ဒိယဈေးနဲ့ ကစ္စပနဒီ တံတားကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့လို့ အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီး ၅၈ ဦး ဒဏ်ရာရခဲ့တာပါ။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေထဲမှာ ကုန်သည်တွေ၊ စျေးဝယ်သူတွေ၊ ဖြတ်သန်းသွားလာသူတွေ၊ အမျိုးသမီးနဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တယောက်နဲ့ မွေးကင်းစ ကလေးငယ်တယောက်လည်း ပါဝင်ကာ အနီးအနားက အဆောက်အအုံတွေ၊ ကစ္စပနဒီ တံတားနဲ့ ဆိုင်တချို့လည်း ပျက်စီးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားဆဲ လက်နက်ကိုင်ပဋိပက္ခတွေထဲမှာ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ စွပ်စွဲချက်တွေကို IIMM က စုံစမ်းစစ်ဆေးနေပြီး အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေဟာ ၂၀၂၅ ခုနှစ်က စတင်ကာ သိသိသာသာ တိုးမြင့်လာတယ်လို့ ဆိုပါတယ်။
ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နိုင်ပြီး ဈေးကဲ့သို့ အရပ်သားတွေ ကျင်လည်ရာ နေရာတွေကို တိုက်ခိုက်တာဟာ လူထုတွေ အစားအစာရရှိနိုင်မှုနဲ့ စားနပ်ရိက္ခာဖူလုံမှုကို ပြင်းထန်စွာ ထိခိုက်နိုင်တယ်၊ ဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု၊ စစ်အတွင်း နည်းဗျူဟာတရပ်အနေနဲ့ အသုံးပြုပါက ငတ်မွတ်စေခြင်းဖြင့် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ဒါမှမဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံ၊ ဗီဒီယို အပါအဝင် ထိခိုက်သေဆုံးသူတွေ အကြောင်း၊ ဈေး၊ တံတားနဲ့ အနီးတဝိုက်မှ အဆောက်အအုံတွေ ပျက်စီးမှုဓာတ်ပုံနဲ့ ဗီဒီယိုတွေ၊ တိုက်ခိုက်မှုမှာသုံးတဲ့ လေယာဥ်နဲ့ အခြေစိုက်တဲ့ လေတပ်စခန်း၊ လက်နက်အကြွင်းအကျန် မှတ်တမ်း၊ တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေ အကြောင်း၊ လေယာဥ်မှူးတွေနဲ့ အမိန့်ပေးသူတွေ အပါအဝင် ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ စစ်အာဏာရှင်တပ်က ပုဂ္ဂိုလ်တွေကြောင်း ပေးပို့ကြဖို့ တောင်းခံထားပါတယ်။
IIMM မြန်မာယန္တရားရဲ့ Signal နံပါတ် +41 76 691 12 08 သို့ ဆက်သွယ်နိုင်ပြီး ပေးပို့ရာမှာ စာတိုတွေ အလိုလျောက် ပျောက်သွားနိုင်တဲ့စနစ် (disappearing messages) ကို အသုံးပြုရန် တိုက်တွန်းထားပါတယ်။
အီးမေးနဲ့ ပေးပို့လိုပါက မြန်မာယန္တရားရဲ့ Proton အီးမေး [email protected] သို့ ပေးပို့နိုင်ပြီး Proton အီးမေးအချင်းချင်းသာ ပေးပို့နိုင်တာဖြစ်လို့ Proton အီးမေးကို ဦးစွာ အခမဲ့ ဖွင့်ရမှာဖြစ်ပြီး အချက်အလက်ပေးပို့လိုသူတွေအနနဲ့ မိမိတို့၏ လုံခြုံရေးကို ဦးစားပေးကာ စိတ်ချလုံခြုံတဲ့ အခြေအနေမှသာ ဆက်သွယ်ပေးဖို့ကြဖို့ IIMM က အကြံပြုထားပါတယ်။
ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်နဲ့ ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး ဘာရွန်နက်စ် ဝင်းတားတန်တို့ကလည်း ပြစ်တင်ရှုတ်ချထားပါတယ်။










