DVB Logo
Home
မြန်မာသတင်း
ကောလင်းတိုက်ပွဲတွင် အရပ်သား ၁၀ ဦးခန့် သေဆုံး
DVB
·
November 7, 2023
ကောလင်းတိုက်ပွဲတွင် အရပ်သား ၁၀ ဦးခန့် သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ အရပ်သားပြည်သူ ၁၀ ဦးလောက်သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ Kawlin Revolution (KR) က နိုဝင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက နိုဝင်ဘာ ၆ ရက်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်မျိုးစုံ ၅၄ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ပြီး တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာ ဝန်းသို ၁၂၀ တပ်ရင်းက ပစ်ခတ်ခဲ့တဲ့ ဟောင်ဝစ်ဇာ အမြောက်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိပြီး ခန့်မှန်းပြောဆိုချက်အရ ၁၀ ဦးထက်မနည်း ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ မြို့တွင်းက အရပ်သားပြည်သူ အားလုံးနီးပါးကို ကယ်ထုတ်ထားနိုင်ခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်း ကောလင်းမြို့မှာ စစ်ရှောင်အင်အား ၅၀,၀၀၀ လောက်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

ဆက်သွယ်ရေး လမ်းပိတ်ဆို့မှုကြောင့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ခြုံစောင်နဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ Kawlin Revolution KR က ထုတ်ပြန်ထားပါတယ်။

Kawlin Revolution KR ပြန်ကြားရေးတာဝန်ခံတဦးက “စစ်ရှောင်တွေအတွက် ဘေးမရှိအောင် စောင့်ရှောက်ပေးထားပေမဲ့ စားသောက်ဖို့ အစားအသောက်တွေလည်း လိုအပ်နေတယ်။ မြို့ကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားလိုက်နိုင်ပါပြီ။ ဒါပေမဲ့ လေယာဥ်နဲ့ လက်နက်ကြီးတွေကိုတော့ စိုးရိမ်နေတယ်” လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာ လေကြောင်းအန္တရာယ်ကြောင့် မြို့နေပြည်သူတွေကို မြို့တွင်း ပြန်လည်နေထိုင်ခွင့် မပေးသေးဘဲ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ) တွေက စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ အတွင်း ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ ချင်းရွှေဟော်နဲ့ သိန္နီ စတဲ့မြို့တွေကို သိမ်းပိုက်ထားပြီး စစ်ကောင်စီကတော့ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း) နဲ့ ချင်းရွှေဟော်မြို့တွေ လက်လွှတ်လိုက်ရတယ်လို့ ဝန်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013