
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ရေကြီးရေလျှံတာကြောင့် စပါးစိုက်ခင်းတွေ ပျက်စီးကာ လူပေါင်း ၁၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး လက်ရှိမှာတော့ ပြန်လည်ထူထောင်ရေး စတင်နေပြီလို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
ရေဘေးသင့်ပြည်သူတွေဟာ စစ်ဘေးရှောင်တွေများပြီး လက်ရှိမှာ ရေပြန်ကျလာလို့ ပြန်လည်ထူထောင်ရေး လုပ်နေပြီဖြစ်သလို ဒေသခံတချို့လည်း နေရပ်ပြန်ကြပြီဖြစ်ပေမဲ့ တချို့ရွာတွေကတော့ ရေကန်နေဆဲလို့ ဆိုပါတယ်။
ကောလင်းမှာရှိတဲ့ တော်လှန်ရေးရဲဘော်တယောက်က “ကောလင်းတောင်ဘက်ခြမ်းက ရွာတွေ အကုန်လုံး ရေနစ်သွားတယ်။ တချို့ရွာတွေက အခုထိ ပြန်ဝင်ဖို့ အဆင်မပြေကြသေးဘူး။ ရေက မြန်မြန်ကြီး ကြီးသွားလို့ လူတွေပဲ ကယ်နိုင်ခဲ့တယ်။ လူအသုံးအဆောင် ပစ္စည်းအားလုံး လိုအပ်နေပါတယ်” လို့ DVB ကို ပြောပါတယ်။
ရေဘေးကြောင့် ကောလင်းမြို့နယ်ထဲက ကြို့ခုံ၊ ဝါးရုံခုံ၊ ညောင်ဝန်း၊ ဆီဆုံ၊ နတ်တောင်၊ အင်ပင်၊ သာဦး၊ ငါးရွာကွင်း၊ နတ်တောင်နား၊ ရေကန်သာ၊ သဖန်းကုန်း၊ ယားတောင် စတဲ့နေရာတွေ အပါအဝင် နေရာအများအပြား ရေနစ်သွားလို့ စပါးစိုက်ခင်းတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ကောလင်းမှာရှိတဲ့ တော်လှန်ရေးရဲဘော်တယောက်က “လက်ရှိ ဒေသအလှူရှင်တွေက ထောက်ပံ့ပေးနေပါတယ်။ အလှူရှင်တွေကို ရှာပြီး ထောက်ပံ့ပေးနေရပါတယ်။ ကြို့ခုံ၊ ဝါးရုံခုံရွာတွေနဲ့ ပတ်ဝန်းကျင်က ရွာတချို့တော့ ရေပြန်မကျသေးဘူး။ စိုက်ခင်းတွေက တချို့ဆို နှစ်ခါပျက်ကြတယ်။ ကျနော်တို့ဘက်မှာ လယ်ယာတွေက အဓိကပေါ့။ ၁၀ ရက်လောက် ရေကြီးလိုက်တော့ အကုန်ပျက်ကုန်တယ်” လို့ ပြောပါတယ်။
ရွာပေါင်း ၂၀ ကျော် ရေဘေးသင့်ခဲ့ပြီး ဩဂုတ် ၁၀ ရက်မှာ ရေပြန်မကျသေးတဲ့ရွာပေါင်း ၈ ရွာဝန်းကျင် ရှိနေသေးသလို ဒေသခံတွေကို တော်လှန်ရေးတပ်တွေက ကူညီပေးတာနဲ့ တချို့ဒေသခံတွေကတော့ ရွာပြန်နေတာတွေ လုပ်နေပြီလို့ သိရပါတယ်။
လက်ရှိမှာတော့ ရေဘေးသင့် ဒေသခံတွေအတွက် အဝတ်အစား၊ အစားအသောက်၊ စောင်၊ ခြင်ထောင်တွေ လိုအပ်နေပြီး ကူညီလှူဒါန်းပေးကြပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။











