
ထိုင်းနိုင်ငံအရှေ့ပိုင်း ပရာကျင်းပူးရီးခရိုင်ထဲမှာ ခုတပတ်တွင်း ရေကြီးရေလျှံမှုကြောင့် ၇ မြို့နယ်ထဲက ပြည်သူတွေ ရေဘေးသင့်ခဲ့ရသလို မွေးမြူရေးခြံထဲက ဝက်အကောင်ရေ ၂,၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ပရာကျင်းပူးရီးမှာ ပြီးခဲ့တဲ့အပတ်တွင်း ရုတ်တရက် ရေကြီးရေလျှံဖြစ်ပွားတာကြောင့် ပရာကျင်းပူးရီးမြို့နယ်ရှိ စီးပွားဖြစ် ဝက်မွေးမြူရေးခြံကြီးတခြံထဲက ဝက်အကောင်ရေ ၂,၀၀၀ လောက် ရေနစ်သေဆုံးခဲ့ရတယ်လို့ ထိုင်းမွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုင်းဝပ် ယိုးထခွန်းက သတင်းထောက်တွေကို ပြောပါတယ်။
တာဝန်ရှိသူတွေဟာ အသက်ရှင်ကျန်နေသေးတဲ့ ဝက်တွေကို ဘေးလွတ်ရာ အရင် ရွှေ့ပြောင်းပေးခဲ့တယ်။ အဲဒီနောက် ဝက်သေကောင်တွေကိုလည်း တိရစ္ဆာန်မွေးမြူရေးနဲ့ သန့်ရှင်းရေးဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့အညီ အမြန်ဆုံးရှင်းလင်းစွန့်ပစ်ရေးတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးဌာန ဝန်ကြီး နိုင်းဆူရိယ ကျစ်ရုန့်ရိန်းကစ်ကလည်း ရေဘေးသင့် မွေးမြူရေးတောင်သူတွေအတွက် အထူးစိုးရိမ်ကြောင်းနဲ့ တိရစ္ဆာန်အသေကောင်တွေကို စနစ်တကျ ရှင်းလင်းဖို့၊ ကူးစက်ရောဂါကာကွယ်ရေးနဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ မှာကြားထားပါတယ်။
တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနအနေနဲ့ ဝန်ထမ်းအင်အား ၅၀ ကျော် စေလွှတ်ပြီး အများပြည်သူဆိုင်ရာ ဘေးအန္တရာယ်တားဆီးကာကွယ်ရေးနဲ့ ကူညီရေးဦးစီးဌာန DDPM နဲ့ ပူးပေါင်းကာ ၆ ဘီးယာဉ် ၅ စီး၊ မြေထိုးစက် ၁ စီး၊ မြေတူးစက် ၁ စီးရော စက်လှေတွေပါ အသုံးပြုကာ ဝက်သေရှင်းလင်းသုတ်သင်ရေးတွေ ဆောင်ရွက်နေတယ်၊ လောလောဆယ် အဆိုပါ မွေးမြူရေးခြံထဲမှာ ရေကြီးနေဆဲမို့ ဝင်ရောက်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။ ပထမဆင့်အနေနဲ့ ဝက်သေကောင်ရေ ၅၀ ကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ကျင်းတူး မြေမြှုပ် မီးရှို့ခဲ့ပြီး ဖြစ်တယ်၊ အဲဒီအနီးတဝိုက်ကိုလည်း ပိုးသတ်ဆေးတွေ ဖြန်းခဲ့တယ်လို့ ဒေါက်တာချိုင်းဝပ်က ပြောပါတယ်။
အလားတူ အခြားမြို့နယ်က ဝက်မွေးမြူရေးခြံတွေလည်း ရေဘေးနဲ့ ကြုံခဲ့ရတယ်။ ရေဟာ အမြင့် ၁ မီတာထိ တက်တာကြောင့် ဝက်ခြံထဲက ဝက်တွေ နှာခေါင်းကို ရေပေါ်ဖော်ပြီး အသက်ရှူခဲ့ရတယ်၊ အချိန်မီပြောင်းရွှေ့နိုင်တဲ့ ဝက်တွေကိုတော့ လမ်းဘေးမှာ တဲထိုးပြီး ယာယီနေရာချထားတယ်။ ဝက်စာတွေလည်း ချွေတာပြီး လျှော့ကျွေးရတယ်လို့ ဝက်မွေးမြူရေးသမားက သတင်းထောက်တွေကို ပြောပါတယ်။
ပရာကျင်းပူးရီးခရိုင်ထဲမှာ စက်တင်ဘာ ၂၇ ရက်ကစ အောက်တိုဘာ လဆန်းပိုင်းထိ တပတ်ခန့် ရေကြီးရေလျှံခဲ့ပြီး ကဘင်ပူရီ၊ ဘန့်ဆန်း၊ ပရကျန်းတခမ်း၊ နားခီး နဲ့ ပရာကျင်းပူးရီး မြို့နယ်တွင်းရှိ အုပ်စုပေါင်း ၆၉ စု ရပ်ကျေးပေါင်း ၆၉၁ က ပြည်သူပေါင်း ၅၅, ၂၈၆ ယောက် ရေဘေးသင်ခဲ့တယ်၊ သေဆုံးသူ ၉ ယောက်ရှိပြီး ၂ ယောက်မှာ ရေထဲက ဓာတ်လိုက်ပြီး သေဆုံးခဲ့တယ်လို့ ခရိုင် DDPM က ထုတ်ပြန်ထားပါတယ်။
Source: The Nation / Thai PBS / Naewna News










