
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင် တပ်ဟာ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် စစ်ဘေးရှောင်ပြည်သူ ၃ ယောက် ကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၆ ရက် မနက်အစောပိုင်းမှာ အင်းတော်မြို့နယ်၊ ကျောင်းကုန်းကျေးရွာကတဆင့် ကောလင်း မြို့နယ်အရှေ့ခြမ်းက ကျွန်းတောကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကြောင်းဟာ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းအတိုင်း ခံသာကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန် မုတ်ဝကျေးရွာနားမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲဖြစ်ပြီး ခံသာ-မင်းကုန်းကျေးရွာဘက်ကို စစ်ကြောင်းဝင်လာတာ။ ညနေပိုင်းမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ လက်ရှိ ခံသာကျေးရွာနဲ့ ကျောက်တန်း ကျေးရွာ တလျှောက်မှာ တပ်ဖြန့်နေရာယူထားတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီအပြင် ကောလင်းမြို့နယ်အရှေ့ခြမ်းက လျှော်ဖြူကုန်းကျေးရွာမှာ အရပ်သားတွေကို ဆေးကုသ ပေးနေတဲ့ ဆေးရုံတရုံကိုလည်း နိုဝင်ဘာ ၄ ရက် ည ၇ နာရီဝန်းကျင်မှာ စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆရာဝန်တယောက် အပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲ ဒေါက်တာဇာနည်ထွန်း (ခ) ပွကြီးလည်း ပါဝင်ပြီး ဆေးရုံမှာ ဆေးကုသနေတဲ့ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KR Team က ထုတ်ပြန်ထားပါတယ်။
အလားတူ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းကလည်း ကောလင်းမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနားဗျူဟာ လမ်းမကြီးပေါ် ဒိုးပင်တောင်ရိုး ရှုခင်းသာနေရာမှာ စစ်ဘေးရှောင်ပြည်သူ ၃ ယောက်ကို စစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်။
သေဆုံးသူတွေဟာ ကျောင်းကုန်းကျေးရွာက စစ်ဘေးရှောင်လာတဲ့ အသက် ၄၀ အရွယ် ဒေါ်သင်းသင်းလှ၊ ထီးချိုင့်မြို့နယ်က စစ်ဘေးရှောင်လာတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ကိုကြက်ရိုး နဲ့ အမည်မသိရသေးတဲ့ အမျိုးသားတယောက်တို့ ဖြစ်ပါတယ်။
အဲဒီဖြစ်စဥ်မှာ ဒေါ်သင်းသင်းလှရဲ့ ခင်ပွန်းဖြစ်သူ ဦးစက်ကြည်လည်း လက်မောင်း သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး သူကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။











