
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ပိတောက်ပင်ကုန်းရွာနဲ့ ရှောက်ပင်ဝိုင်ရွာတို့ကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၂၇ ရက် မနက် ၁၂ နာရီကျော်မှာ ဗုံးကြဲချတာကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကောလင်းမြို့နယ်အရှေ့ခြမ်း ပိတောက်ပင်ကုန်းရွာနဲ့ ရှောက်ပင်ဝိုင်ရွာတို့ကို Y12 အမျိုးအစားနဲ့ လေကြောင်းကနေ ၂ ကြိမ်၊ ၁၂၀ မမ ၆ လုံးကြဲချတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “လေယာဥ်တွေက ဒီမနက်အထိ ၅ စီး လောက် ပျံဝဲနေတုန်းပဲ။ ဝန်းသိုကို ကြဲနေတယ်။ အခုပဲ ၂ ကြိမ်ကြဲသွားတာ။ ကောလင်းမှာတော့ တိုက်ပွဲမရှိဘူး” လို့ DVB ကို ပြောပါတယ်။
စစ်တပ် ဗုံးကြဲချလို့ ပိတောက်ပင်ကုန်းရွာသား ကိုနိုင်မင်းကို (၂၇ နှစ်) သေဆုံးခဲ့ရပြီး အသက် ၆၄ နှစ်အရွယ် ဦးတင်ခိုင်က လက်မောင်းနဲ့ အမျိုးသမီး ၁ ယောက်ကတော့ ခြေထောက်မှာ ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ကလည်း ကုက္ကိုကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တာကြောင့် အသက် ၆၀ ဝန်းကျင် အရွယ်အမျိုးသား ၁ ယောက်နဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ယောက်တို့ ထိမှန်သေဆုံးသလို ၈ ယောက် ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။
ကုက္ကိုလ်ကုန်းရွာဟာ ကောလင်းမြို့နယ်အရှေ့ခြမ်းမှာရှိပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တချို့လည်း ထိမှန်ပျက်စီးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကလည်း ဝန်းသို၊ ကောလင်းနဲ့ ကန့်ဘလူမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခဲ့လို့ ကျေးရွာတချို့နဲ့ စိုက်ပျိုးမြေတွေ ရေနစ်မြုပ်ခဲ့ရပါတယ်။










