
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းနဲ့ ကနီမြို့နယ် တောင်ခြမ်းတွေကို စစ်အာဏာရှင်တပ်က ဩဂုတ် ၂၄ ရက်ကစတင်ပြီး မြေပြင်စစ်ကြောင်းထိုးနေတာကြောင့် ရွာသားတွေ နေရပ်စွန့်ခွာ နေကြရပါတယ်။
စစ်ကြောင်းတွေဟာ ရွှေတောင်ဦးကုန်း (ခေါ်) အောင်ဇယျ မြို့သစ်ကနေ စစ်ကြောင်း တကြောင်းနဲ့ ကနီမြို့နယ်အတွင်း ချောင်းမကျေးရွာအထိုင်စခန်းကနေ ချောင်းမ-ယာကြီးလမ်းနဲ့ ချောင်းမ-ကနီလမ်းပိုင်းတွေမှာ စစ်ကြောင်း ၂ ကြောင်းနဲ့ နယ်မြေစိုးမိုးရေး လုပ်ဆောင်နေတာဖြစ်ပါတယ်။
ပတိမ်ပြင်ရွာသားတယောက်က “ငါတို့ယင်းမာပင်နယ်ကတော့ စုန်းချောင်းရွာ၊ ကွေ့ချောင်းရွာ၊ ကျောက်ကုန်းရွာ၊ ကြက်လျှာရွာ၊ ပတိမ်ပြင်ရွာ၊ စေသူရွာတွေက ပြေးရတာ။ လာတာက အောင်ဇယျအကျိုးအကန်းကုန်းကနေ လာတာ။ အင်အား ၂၀၀ လို့တော့ ပြောကြတယ်။ အတိအကျတော့မသိဘူး။ ဩဂုတ်လ ၂၄ ရက် နေ့က စထိုးလာတာပဲ။ အခုကတော့ ကျောက်ကုန်းရွာဘက်ရောက်သွားပြီ။ ဒီနေ့ကတော့ ယင်းမာပင်နယ်နဲ့ ကနီနယ်အစပ်က စစ်ဘေးရှောင်စခန်းတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲနေတာ။ ဗုံးကြဲတဲ့အသံတွေကြားနေရတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ကတော့ မုံရွာ-ယာကြီး-ကလေးလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ မေလပိုင်းကစတင်ပြီး စစ်ကြောင်းထိုးကာ နယ်မြေရယူဖို့ကြိုးစားလာတာဖြစ်ပါတယ်။
ချောင်းမရွာသားတယောက်က “ကနီနယ်ကတော့ ချောင်းမကနေ မုံရွာ-ယာကြီးလမ်းအတိုင်း အောင်မင်္ဂလာရွာဘက်ကနေ ၂၂မိုင်၊ ၂၃မိုင်၊ ၂၄မိုင်၊ ၂၅မိုင်၊ ၂၆ မိုင်စီ စစ်ကြောင်းထိုးနေတာ။ အဲဘက်က ရွာသားတွေလည်း စစ်ကြောင်း ရှောင်နေရတယ်။ နောက်ပြီးတော့ ချောင်းမကနေ ချောင်မ-ကနီလမ်းအတိုင်း ကနီမြို့ဘက်ကို စစ်ကြောင်းထိုးနေတာ။ အခုကတော့ မုဌေါရွာမှာ အထိုင်ချနေတယ်။ စစ်ကြောင်းတွေ စလှုပ်တာက ဩဂုတ် ၂၄ ရက် နေ့ကစပြီး စစ်ကြောင်းထိုးလာတာ။ သူတို့ဘက်က သတင်းလွှင့်တာက လမ်းပိုင်း ၂ ခုလုံးကို ၅ မိုင်ကို စစ်တပ်ဂိတ် တဂိတ်အထိုင်ချမယ်လို့ ပြောနေတယ်။ အခုပုံစံအရတော့ ၅ မိုင်ကို တဂိတ်ချမယ်ဆိုတဲ့သတင်းက မှန်နေပြီဗျ”လို့ ပြောပါတယ်။
ကနီမြို့နယ်အတွင်းက ချောင်းမရွာမှာ စစ်တပ်က မေလပိုင်းကစတင်ပြီး အထိုင်ချတပ်စွဲ နေထိုင်တာကြောင့် အနီးက သင့်ဝင်ရွာ၊ မင်းမရွာ၊ အောင်မင်္ဂလာရွာ၊ သမင်ခြံရွာနဲ့ မုဌောရွာက ဒေသခံတွေဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတာ ၄ လ ကျော်လာပြီဖြစ်ပါတယ်။
စစ်ဘေးရှောင်ပုံအဟောင်း











