
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒူးထောက်ကျေးရွာကို အောက်တိုဘာ ၃၁ ရက် ညနေ ၄ နာရီခွဲကျော်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ပါရာမော်တာတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် ပွဲချင်းပြီး သေဆုံးကာ ကလေးငယ် ၂ ယောက် အပါအဝင် မိသားစုဝင် ၃ ယောက် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကလာတဲ့ ပါရာမော်တာ ၂ စီးနဲ့ ကျေးရွာအနောက်ပိုင်းရှိ နေအိမ်တအိမ်ပေါ်ကို စက်တပ်လေထီးသုံး ဗုံးတွေကြဲချခဲ့တာပါ။
အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၄၅ နှစ်အရွယ် အိမ်ရှင် အမျိုးသမီး ပွဲချင်းပြီး သေဆုံးခဲ့ရကာ အသက် ၁၂ နှစ်နဲ့ ၁၇ နှစ်အရွယ် ကလေး ၂ ယောက်အပါအဝင် သူတို့ရဲ့ ခင်ပွန်းဖြစ်သူပါ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒေသခံ ရွာသားတယောက်က "နမခ ကနေ ပါရာမော်တာ ၂ စီးနဲ့ လာကြဲတာပါ။ ရွာအနောက်ပိုင်းက အိမ်ပေါ်ကို ကျတာဖြစ်ပြီး မိသားစု ၄ ယောက်စလုံး ထိခိုက်သေဆုံးခဲ့ရတာပါ။ အိမ်ရှင် အမျိုးသမီး သေဆုံးပြီး ကလေး ၂ ယောက်နဲ့ အဖေဖြစ်သူကတော့ ဒဏ်ရာ ပြင်းထန်ပါတယ်။ ဘာတိုက်ပွဲမှလည်း မရှိပါဘူး" လို့ ပြောပါတယ်။
ဒူးထောက်ကျေးရွာဟာ ဆားလင်းကြီးမြို့ရဲ့ မြောက်ဘက် ၁ မိုင်လောက်သာဝေးပြီး အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၅၀ နီးပါးရှိတဲ့ရွာသားတွေ ဘေးလွတ်ရာကို အရေးပေါ် တိမ်းရှောင်နေကြပါတယ်။











