
ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကမမောင်း-ဖာပွန်ကားလမ်း၊ ဝါးသိုခိုရွာနား မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ တပ်မဟာ ၅၊ မူတြော်ခရိုင်ရဲ့ပြောခွင့်ရသူက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက် မနက် ၅ နာရီကျော်က စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တပ်မဟာ ၅၊ မူတြော်ခရိုင်ရဲ့ပြောခွင့်ရသူ ပဒိုစောထိုရော်ဘင်က “အဲဒီနေ့က ကျနော်တို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်တိုက်တာ။ အဲတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က အရာရှိအပါအဝင် ၄ ဦး သေဆုံးတယ်ဆိုတာက မှန်တယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေကို တိုက်ပွဲဖြစ်ပွားတဲ့နေ့မှာပဲ ဘားအံမြို့ တောင်ကလေး စစ်ဆေးရုံဆီကို ပို့ဆောင်ခဲ့တယ်လို့ သိရကြောင်းလည်း ဆိုပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်က စစ်ရေးအရမဟာဗျူကျတဲ့ ဖာပွန်ဗျူဟာမကျရေး၊ ဖာပွန်မြို့နဲ့ တပ်စခန်းတွေပြန်လည်ရရှိရေးအတွက် စစ်ကြောင်း ၂ ကြောင်းခွဲပြီး ကမမောင်း- ဖာပွန်လမ်းမကြီး အရှေ့နဲ့အနောက်ဘက်ကနေ စစ်ကြောင်းထိုးနေပါတယ်။
တဘက်မှာလည်း စစ်တပ်စစ်ကြောင်းတွေ ဖာပွန်မြို့ကိုရောက်ဖို့ မိုင် ၂၀ လောက်ပဲလိုတော့တဲ့ ဆင်စွယ်ကျေးရွာကို ကျော်လွန်ရောက်ရှိလာတာကြောင့် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်နေပါတယ်။
ဒ့ါအပြင် အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်ကလည်း ဖာပွန်(ဘူးသို) မြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့လက်ကျန် ဖာပွန်ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက Drone တွေနဲ့ ဗုံးကြဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကနေ ပစ်ကူပေး ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။











