
မန္တလေးတိုင်း မလှိုင်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ဇူလိုင် ၂ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၁၀ ယောက် သေဆုံး၊ တချို့လက်နက်ချ အညံ့ခံ ခဲ့ကြပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မြင်းခြံခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံက “စစ်ကြောင်းထိုးလာတဲ့လမ်းတလျှောက်က ရွာတွေ ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အမှတ် ၈ ရဲတပ်ရင်းက ဒုတိယရဲမှူးကြီး ဇော်လင်းထိန် ဦးဆောင်ပြီးတော့ အင်အား ၁၁၀ ကျော်ပါစစ်ကြောင်းဟာ မလှိုင်မြို့နယ်ထဲက အိမ်ကြီးတောရွာဘက် ဝင်လာတဲ့ အချိန်မှာ ကျနော်တို့ဘက်က ကြိုတင်ပြင်ဆင်ပြီးတော့မှ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်သား ၁၀ ယောက်ထက်မနည်းသေဆုံး၊ ဒဏ်ရာရသူ ၄၀ နီးပါးရှိခဲ့ပြီး ၁၀ ယောက် လက်နက်ချအညံ့ခံခဲ့ကြသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးတော့ စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံအလက် ၂၀၊ ခဲယမ်းတွေနဲ့အတူ Drone ပစ္စည်း တွေနဲ့ မော်တော်ယာဉ် ၃ စင်းလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြင်းခြံခရိုင် ပကဖ ရဲ့ တာဝန်ရှိသူတယောက်က “တိုက်ပွဲက မနက်စောပိုင်းမှာ စဖြစ်ခဲ့တာ ဖြစ်ပြီးတော့ ၃ နာရီလောက်ကြာခဲ့တယ်။ သူတို့ဘက်က လေကြောင်းပစ်ကူလှမ်းခေါ်လို့ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးရောက်လာကြပြီး အနီးကပ် ပစ်ကူပေးခဲ့ပေးခဲ့မဲ့ အထိနာလို့ စစ်ကြောင်းပျက်ပြီး ကျန်တဲ့ကောင်တွေ ဦးတည်ရာမဲ့ထွက်ပြေးသွားကြတော့မှ သူတို့ပစ္စည်းတွေနဲ့ လက်နက်ချတဲ့သုံ့ပန်းတွေခေါ်ပြီး ပြန်ဆုတ်လာကြတာပါ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ မစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးတိုင်းစစ်ဌာန၊ မြင်းခြံခရိုင်စစ်ဌာနက ကွပ်ကဲပြီး မြင်းခြံခရိုင်စစ်ဌာနတပ်ရင်းတွေနဲ့အတူ၊ မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်း၊ မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီး မြို့နယ် ပကဖ၊ မလှိုင်မြို့နယ် ပကဖ (TTA ပြောက်ကျားတပ်ဖွဲ့) တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ဇူလိုင် ၃ ရက် ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။










