
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ထဲကို ဝင်ရောက်နေတဲ့ စစ်အာဏာရှင်တပ်စစ်ကြောင်းက စက်တင်ဘာ ၂ ရက် ညဦးပိုင်းမှာ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ပြည်သူတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မလှိုင်မြို့နယ် လူထုသတင်းကွန်ရက်အဖွဲ့ တာဝန်ရှိသူက “မလှိုင်နယ်တောင်ဘက် ယာကြီးကုန်းရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချနေတဲ့အဖွဲ့က အဲဒီနေ့ ည ၉ နာရီလောက်မှာ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်းတစင်းဟာ ဆည်တိုအုပ်စု၊ ဆည်ကွဲရွာထဲက ဦးချစ်ကိုရဲ့အိမ်ရှေ့ မန်ကျည်းပင်ပေါ် ကျပြီး ပေါက်ကွဲသွားတော့ ဗုံးစတွေက အိမ်ရဲ့ သွပ်တွေ၊ ထရံတွေကို ဖောက်ပြီး အိပ်ရာထဲမှာ အိပ်နေကြတဲ့ သူတို့လင်မယား ၂ ယောက်ကို ဗုံးစတွေထိပြီး အပြင်းအထန်ဒဏ်ရာရကြလို့ ဆည်တို ဆေးရုံကို ပို့ပြီး ဆေးကုသမှု ခံယူနေကြရင်း နောက်နေ့မနက်မှာ ဦးချစ်ကို သေဆုံးသွားတာပါ” လို့ ပြောပါတယ်။
သေဆုံးသွားသူ ဦးချစ်ကိုဟာ အသက် ၅၀ ဝန်းကျင်ရှိပြီး သူ့ရဲ့ဇနီး ဒေါ်ဝိုင်း ကတော့ ဆေးကုသမှု ဆက်လက်ခံယူနေရပါတယ်။
စစ်အာဏာရှင်တပ်ဟာ မလှိုင်မြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းတွေထိုးပြီး ကျေးရွာတွေအတွင်း အထိုင်ချ တပ်စွဲနေတာဖြစ်ပါတယ်။
မြင်းခြံခရိုင် ပကဖ တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က “စစ်ကြောင်းတွေကတော့ ဝင်လာလိုက်၊ ထွက်သွားလိုက်ပဲ။ အခုစစ်ကြောင်းကလည်း အင်အား ၂၀၀ လောက် ပါလာပြီးတော့ ယာကြီး ကုန်းရွာ ဘုန်းကြီးကျောင်းမှာ အင်အား ၅၀ လောက်နဲ့ ဩဇာခြံရွာဘက်မှာ အင်အား ၁၅၀ ခွဲထား တယ်။ နောက်ထပ်လည်း အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကြောင်းတကြောင်း ထပ်ရှိနေသေးတယ်။ စစ်ရေးအခြေအနေတွေကတော့ တင်းမာနေတယ်လို့ပဲ ဆိုပါတော့” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကလည်း မလှိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၁၀ ယောက် သေဆုံးကာ စစ်သားတချို့ လက်နက်ချ အညံ့ခံခဲ့ကြပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်း မလှိုင်မြို့နယ်ထဲကို စစ်တပ်ဘက်က မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်ပြီး စစ်ရေးနဲ့မသက်ဆိုင်တဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခဲ့တာတွေအပြင် စစ်တပ်အထိုင်စခန်းတွေ ကလည်း အသေခံဒရုန်းတွေသုံးပြီး ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကြောင့် ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်း ပါတယ်။











