
ထိုင်းနိုင်ငံ ၅၃ ခရိုင်မှာ ဒီကနေ့ အောက်တိုဘာ ၅ ရက်မှ ၇ ရက်နေ့အထိ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုကြောင့် အချိန်အခါမဟုတ် မိုးသက်လေပြင်းတွေ ကျရောက်နိုင်တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။
ထိုင်းမိုးဇလဌာနရဲ့ ဒီကနေ့ မနက် ၅ နာရီအချိန် ထုတ်ပြန်ချက်အရ ထိုင်းမြောက်ပိုင်းဒေသတွေမှာ မိုးကြိုးမုန်တိုင်းတွေ၊ လေပြင်းတွေ တိုက်ခတ်နိုင်ပြီး တချို့နေရာတွေမှာ မိုးကြိုးပစ်တာ၊ မိုးသည်းထန်တာ စတဲ့ မိုးလေဝသ အပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ လေပြင်းတိုက်ခတ်တာ၊ မိုးသည်းထန်ရွာသွန်းတာ၊ ရုတ်တရက် ရေကြီးရေလျှံတာနဲ့ တောင်ကျရေဘေးအန္တရာယ်တွေကို သတိထားဖို့ နှိုးဆော်ထားပါတယ်။
အထူးသဖြင့် တောင်ကုန်းတောင်စောင်းနဲ့ ရေဝပ်နေတဲ့ အနိမ့်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံတာ ဖြစ်နိုင်တယ်၊ လေပြင်းကြောင့် ဟင်းလင်းပြင်နေရာတွေ၊ သစ်ပင်ကြီးတွေနဲ့ ခိုင်ခံ့မှုမရှိတဲ့ ဆိုင်းဘုတ်ကြော်ငြာနဲ့ အဆောက်အအုံကြီးတွေနား နေထိုင်သွားလာမှု ရှောင်ကြဉ်ဖို့လည်း သတိပေးထားပါတယ်။
ရာသီဥတု ခုလို ပြောင်းလဲဖောက်ပြန်ရတာဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းနိုင်ငံပေါ် လွှမ်းမိုးထားတဲ့ အနောက်တောင်မုတ်သုံလေနဲ့အတူ တရုတ်နိုင်ငံက လေဖိအားမြင့်နဲ့ လေအေးထုတွေဟာ ထိုင်းအရှေ့မြောက်ပိုင်းဒေသဘက် တိုက်ခတ်လွှမ်းခြုံလာမယ်၊ အရှေ့အရပ်နဲ့ အရှေ့တောင်အရပ်က လေတွေဟာလည်း တောင်တရုတ်ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့က စိုထိုင်းလေတွေနဲ့ ထိတွေ့ပြီး ထိုင်းမြောက်ပိုင်းဒေသဘက် တိုက်ခတ်လာမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တွေမှာ မုန်တိုင်းတွေ ဖြစ်ပေါ်နိုင်ပြီး လှိုင်းအမြင့် ၂ မီတာအထက် တက်လာနိုင်တယ်၊ ရေကြောင်းခရီးသွားလာမဲ့သူတွေ အနေနဲ့ ခရီးစဉ် သေချာစစ်ဆေးသင့်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်တဲ့ ဒေသတွေမှာ လှေနဲ့ သင်္ဘောတွေ သွားလာတာ ရှောင်ကြဉ်ဖို့လည်း သတိပေးထားပါတယ်။
အောက်တိုဘာ ၅ ရက်မှ ၇ ရက်အတွင်း အောက်ပါခရိုင်တွေမှာ မိုးသည်းထန်ပြီး တချို့နေရာတွေမှာ မိုးသက်လေပြင်း ကျရောက်နိုင်ပါတယ်။
ထိုင်းမြောက်ပိုင်းခရိုင်တွေမှာ ချင်းမိုင်၊ လမ်းဖွန်း၊ လမ်းပန်း၊ ဖယောဝ်း၊ နန့်၊ ဖရဲ့၊ ဥဒရာဒစ်၊ ဗိစနုလုတ်၊ ဖစ်ချဘွန်း၊ ဖိကျစ်။ အရှေ့မြောက်ပိုင်းမှာ လွေး၊ နောက်ဘိုလမ်းဖူး၊ ခွန်ကဲန်၊ နခွန်းရာ့ချ်ဆီမား၊ ချိုင်းယဖုမ်း၊ ဘူရီရမ်၊ ဆူရင်း။ အလယ်ပိုင်းမှာ နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ချိုင်းယနတ်၊ ဆင်းပူရီ၊ အယုဒ္ဓယ၊ လုပ်ပူရီ၊ ဆရာပူရီ၊ ဆုဖန်းပူရီ၊ ရာ့ချ်ပူရီ၊ ကန်ကျနပူရီ၊ ဆမွတ်ဆုန်ခရာမ်း၊ စမွတ်စခွန်း၊ ဘန်ကောက်ခရိုင်နဲ့ အနီးတဝိုက်ဧရိယာ။ အရှေ့ပိုင်းမှာ နခွန်းနာယုဒ်၊ ပရာကျင်းပူရီ၊ ဆာကယောက်၊ ချွန်းပူရီ၊ လယောင်း၊ ချချိန်းဆောင်း။ တောင်ပိုင်းမှာတော့ ဖစ်ချ်ပူရီ၊ ပရကျုပ်ခီရိခန်၊ စူရတ်ဌာနီ၊ ဖူးခက်၊ ချွန်းဖွန်း၊ ကရပီ၊ နခွန်းဆီထမရတ်၊ တရန်း၊ ဆဒွန်းခရိုင်တို့ ဖြစ်ပါတယ်။
မိုးသက်လေပြင်း အနီရောင်အဆင့်ခရိုင်ကတော့ ကမ်ဖိုင်ဖစ်နဲ့ ဆုခိုထိုင်း ဖြစ်ပါတယ်။ အခုလို မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်တာနဲ့အတူ ဒေသအသီးသီးမှာလည်း ရေကြီးမှု အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိနေပါတယ်။
ထိုင်းတောင်ပိုင်းဒေသမှာဆိုရင် မြောက်ပိုင်း (အထက်ပိုင်း) က စီးဆင်းလာမဲ့ ရေတွေရော၊ မိုးသည်းထန်မှုကြောင့် များလာမဲ့ ရေပမာဏတွေ ထိန်းချုပ်ကာကွယ်နိုင်ဖို့ ထိုင်းဆည်မြောင်းဦးစီးဌာန အနေနဲ့ အရေးပေါ် စီမံခန့်ခွဲရေးစင်တာတခုကို ဖွင့်လှစ်လိုက်ပါတယ်။
အထူးသဖြင့် ချောင်ဖရားမြစ်နဲ့ ပါဆတ်မြစ်ထဲက ရေအလျဉ်တွေ ထိန်းချုပ်နိုင်ဖို့နဲ့ ထိုင်းတောင်ပိုင်းဒေသ ရေကြီးမှုကို ပြင်ဆင်ကာကွယ်ဖို့ ၂၄ နာရီပတ်လုံး အလုပ်လုပ်မဲ့ အရေးပေါ်စင်တာ ဖွင့်လှစ်မဲ့အကြောင်း ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းဝိထယား ကယောက်မီက ပြောပါတယ်။
ဆည်မြောင်းဌာနအနေနဲ့ ရေအခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့၊ ရေကြီးရေလျှံဒေသက ရေတွေ အမြန်ဆုံးစုပ်ထုတ်ဖို့၊ စိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီး နိုင်းဆူရိယကျစ်ရုန့်ရိန်းက ရစ်ရဲ့ ညွှန်ကြားချက်အရ အောက်တိုဘာ ၄ ရက် ညနေ ၆ နာရီက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဗွီဒီယိုကွန်ဖရင့်ခေါ်ယူပြီး ရေဘေးအန္တရာယ်ဖြေရှင်းရေး ရေထုစီမံခန့်ခွဲရေး အစည်းအဝေးတရပ် ကျင်းပခဲ့တယ်။
အစည်းအဝေးမှာ ချောင်ဖရားမြစ်နဲ့ ပါဆတ်မြစ်ရေ စီးဆင်းမှုနှုန်း၊ ရေလွှတ်နှုန်း၊ ရေစီးဆင်းမှု အရှိန်လျှော့ချရေး၊ ရေစုပ်ထုတ်ရေး၊ တူးမြောင်းရေစီးဆင်းမှုနဲ့ ရေစီးရာလမ်းကြောင်း အမှိုက်သရိုက် ရှင်းလင်းဖယ်ရှားရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးခဲ့ပါတယ်။
အောက်တိုဘာ ၄ ရက်မှ ၇ ရက်နဲ့ အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်တွေအတွင်း ထိုင်းနိုင်ငံ ဒေသအနှံ့အပြား၊ အထူးသဖြင့် ထိုင်းတောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသက ခန့်မှန်းထားတာကြောင့် ရေကြီးရေလျှံနဲ့ တောင်ကျချောင်းရေတွေ အထူးသတိပြုဖို့ လိုအပ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း ကလည်း ထိုင်းတောင်ပိုင်း ပရကျုပ်ခီရိခန်ကနေ နာရာသီဝပ်ထိ ရေဘေးအတွက် အထူးစိုးရိမ်ကြောင်း ပြောကြားပြီး ကြိုတင်ပြင်ဆင်မှု စနစ်တကျ ဆောင်ရွက်ဖို့ မှာကြားထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆည်မြောင်းညွှန်ချုပ် နိုင်းဝိထယားက “၂၀၂၆ ခုနှစ် အရေးပေါ်ရေဘေးစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးစင်တာ” ကို ဖွဲ့စည်းလိုက်ပြီး အရေးပေါ်ရေဘေးအခြေအနေတွေကို လျင်မြန်စွာနဲ့ စနစ်တကျ ကွပ်ကဲ ဆောင်ရွက်သွားမယ်၊ အခြေအနေတွေကို ၂၄ နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
Source: TNN Earth / Thairath / The Nation News










