
ကောလင်းမြို့သိမ်းတိုက်ပွဲ အောင်မြင်ခဲ့တာကြောင့် အထူးဝမ်းမြောက် ဂုဏ်ယူမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် သမ္မတရုံးက နိုဝင်ဘာ ၆ ရက် ဒီကနေ့မှာ အောင်ပွဲ အမှတ်တရ ဂုဏ်ပြုစကားထုတ်ပြန်ထားပါတယ်။
အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေးရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ မဟာ မိတ် ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကိုင်းတိုင်းရှိ ခရိုင်အဆင့်ရှိ မြို့တမြို့ကို ပထမဆုံးအကြိမ် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် အခုလို ထုတ်ပြန်လိုက်တာပါ။
စစ်ဆင်ရေး ဦးဆောင်သူတွေနဲ့ ပါဝင်သူတွေ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖော်ပြထားပြီး စစ်ဆင်ရေးအတွင်း စွန့်စားပေးဆပ် စွန့်လွှတ်သူတွေ အားလုံးကိုလည်း ထာဝရ အမှတ်ရစွာနဲ့ ဦးညွှတ် အလေးပြုရင်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်တယ်လို့ ဖော်ပြထားတာပါ။
ကောလင်းမြို့ကို သိမ်းယူနိုင်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က စတင်တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး အချိန် ၄ ရက်ကြာချိန်မှာ နောက်ဆုံးလက်ကျန် အ.ထ.က ၁ ကျောင်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်သားတွေက ၅ ယောက်တဖွဲ့ အလံဖြူထောင်ပြီး အညံ့ခံခဲ့ကြတာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွေးက ဒီဗွီဘီကို ပြောပါတယ်။
၄ ရက်ကြာတိုက်ပွဲမှာတော့ ကောလင်းရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်သားတွေကို အဆင့်ဆင့် တိုက်ခိုက် သိမ်းယူခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
၄ ရက်ကြာတိုက်ပွဲမှာ နှစ်ဖက် ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပေမဲ့ လက်ရှိအချိန်အထိ NUG ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။
နိုဝင်ဘာ ၅ ရက် ညနေပိုင်းအထိ စာရင်းတွေအရတော့ လက်နက်မျိုးစုံ ၅၄ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။