DVB Logo
Home
မြန်မာသတင်း
သိန္နီမြို့နယ်၌ ရွာသားအချို့ လက်နက်ကြီးထိမှန်၊ ဒေသခံ  ၃၀၀၀ ကျော် စစ်ဘေးရှောင် 
DVB
·
October 30, 2023
သိန္နီမြို့နယ်၌ ရွာသားအချို့ လက်နက်ကြီးထိမှန်၊ ဒေသခံ  ၃၀၀၀ ကျော် စစ်ဘေးရှောင် 
1 / 4
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင်းနဲ့ အနီးအနားတဝိုက် ကျေးရွာတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစ ဒီမနက်ထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပြီး ရွာထဲလက်နက်ကြီးကျလို့ နေအိမ်တွေ ပျက်စီးခဲ့ရသလို ပြည်သူ ၇ ဦးထက်မနည်း လက်နက်ကျည်ထိမှန် ဒဏ်ရာရကာ ထောင်နဲ့ချီ အိုးပစ်အိမ်ပစ် ထွက်ပြေး နေရပါတယ်။

မနေ့ မနက် ၉ နာရီခွဲလောက်က သိန္နီမြို့မရဲစခန်း ဗုံးခွဲခံရပြီး ရဲတွေ ထွက်ပြေးကုန်သလို မြို့ထဲက ဌာနဆိုင်ရာရုံးတွေနဲ့ ဈေးဆိုင်တွေ ပိတ်ထားပြီး လူအသွားအလာမရှိဘူးလို့ ပြောပါတယ်။ 

“မြို့ထဲမှာ စစ်သားလည်းမရှိဘူး၊ ရဲတွေလည်း မရှိတော့ဘူး၊ တချို့နေရာမှာ ကိုးကန့် တရုတ် စစ်သားတွေ တွေ့တယ်။ သူတို့က ဟိုသွားဒီသွားမလုပ်နဲ့လို့ ပြောတယ်။ စစ်တပ်က လေယာဉ်ပျံတွေတော့ နေ့တိုင်း လာတယ်။ လေယာဉ်ပျံလာပြီးရင် ပစ်ခတ်သံ ကြားတယ်။ လက်နက်ဘယ်ဘက်ကျသွားလဲတော့ မသိဘူး။”

သိန္နီမြို့နယ် ခူးဝိန်းကျေးရွာနဲ့ တိုက်ယက်ကျေးရွာမှာ မနေ့ည လူတွေ အိပ်မောကျချိန် လက်နက်ကြီး ကျလာပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သလို လူ ၄ ဦးလောက် ဒဏ်ရာ ရ သွားတယ်လို့ အဝေးရောက် ခူးဝိန်းရွာသူတစ်ဦးက ပြောပါတယ်။ 

“ကျမက ထိုင်းမှာ အလုပ်လာလုပ်တာပါ။ မနေ့ညက ရွာထဲ လက်နက်ကြီးကျတယ်လို့ အိမ်က အကြောင်းကြားလာတယ်။ ရွာထဲက အိမ်တွေ အများကြီးပျက်စီးတယ်။ ၁၀ အိမ် ကျော်တယ်၊ လူ ၄ ယောက်လောက် လက်နက်ကြီးထိတယ်လို့ပြောတယ်။ ကျမတို့အိမ်မီးဖိုချောင်လည်း လက်နက် ကြီး ကျတယ် အခု တရွာလုံး တိုက်ယက်ဘုန်းကြီးကျောင်းမှာ သွားရှောင်နေကြပြီ။”

ဒီမတိုင်ခင် သိန္နီမြို့ ကောင်းဟော်ရပ်ကွက်ထဲမှာလည်း အောက်တိုဘာ ၂၈ ရက် မနက် ၇ နာရီ ကျော်က အိမ်ဝင်းတစ်ခုထဲ လက်နက်ကြီးကျပြီး အိမ် ၂ လုံး ထိခိုက်ပျက်စီးကာ ကလေး ၁ ယောက်၊ လူကြီး ၁ ယောက် လက်နက်ကြီးထိမှန်ဒဏ်ရာရသွားတယ်လို့ ကောင်းဟော်ရပ်ကွက်နေ ပြည်သူ တဦးက ပြောပါတယ်။

“အဲဒီအိမ်ဝင်းထဲမှာ အိမ် ၄ လုံးရှိတာ ၂ လုံးက လက်နက်ကြီးကျည် ထိမှန်ပျက်စီးသွားတယ်၊ အသက် ၇၀ ကျော် အဖိုးတစ်ယောက် ခြေထောက်မှာ ထိမှန်ပြီး ၉ နှစ်သားလေးတစ်ယောက်က နောက်ကျောဘက် လည်ပင်းနားထိတယ်။ ကျမတို့ အိမ်ထဲက အိမ်ပြင်မထွက်ရဲတော့ သွားမကြည့်ရပါဘူး။ အိမ်တွင်းအောင်းနေတာ ၄ ရက်လောက်ရှိပြီ၊ ရှိတာနဲ့ ချွေတာစားရတယ်။ သူများတွေက ဘုန်းကြီးကျောင်းမှာ သွားနေတယ်။ ကျမတို့အိမ်မှာ လူနာလည်းရှိတော့ လူနာကို ခေါ်သွားလို့လည်း မရ။ လူနာကို ပစ်ပြီးတော့လည်း သွားလို့မရ၊ ဒီလိုပဲ သေနတ်သံတွေ နားထောင်ပြီး နေနေရတယ်။”

အောက်တိုဘာ ၂၇ ရက်ကလည်း ဆွန်ခိုင်းရွာ ဘုန်းကြီးကျောင်းအနီးမှာ လက်နက်ကြီးကျပြီး အသက် ၄၀ ကျော်ရှိ လုံးပန်းမောင် ဆိုသူ ရွာသား ၁ ဦး သေဆုံးခဲ့ပြီး တရွာလုံး နားဆော့ ကျေးရွာဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြတယ်လို့  သိန္နီဒေသခံက ပြောပါတယ်။ 

သိန္နီမြို့သူမြို့သားတွေဟာ တချို့က ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံပြီး တချို့ကတော့ ကိုယ့်အိမ်နဲ့ကိုယ် အပြင်မထွက်ဘဲ တံခါးပိတ်နေကြောင်း၊  အရေးကြီးပစ္စည်းဝယ်ချင်ရင် အဲဒီဆိုင်ကို အရင်ဖုန်းဆက်မှဘဲ တံခါးဖွင့်ပြီးရောင်းပေးတယ်လို့ ဆိုပါတယ်။ 

ဘယ်သူမှ အပြင်မထွက်ရဲတာကြောင့် ကောင်းဟော်ရွာမှာ လက်နက်ကျည်ထိပြီး သေဆုံးသွားတဲ့ ဦးလေးတစ်ယောက်ရဲ့ အသုဘကို ခုထိမချနိုင်သေးဘူးလို့ ပြောပါတယ်။

လက်ရှိ သိန္နီမြို့နဲ့ အနီးတဝိုက် ကျောင်းခမ်း၊ မုန်ဆာ၊ ကျောင်းဆိုင်၊ ပိန်းအွယ်၊ ဝိန်းနန်း၊ တိုက်ယက်၊ နားဆော့စတဲ့ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်တွေ ပြည့်နေပြီး  စကခ တပ်မ ၆၉ အနီးက ကျောင်းခမ်း ကျောင်းတိုက်မှာ လူဦးရေ ၂၅၀၀ ကျော် ရောက်ရှိနေကြောင်း၊ စစ်ဘေးရှောင်လာတာ ၄ ရက်ရှိပြီဖြစ်ပြီး နောက်ထပ် ဘက်နှရက်နေရဦးမလဲဆိုတာ မသိတဲ့အတွက် အစားအစာ၊ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ ကျောင်းခမ်းရောက် စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“ဒီကျောင်းတိုက်မှာ ၂၇ ရက်ကတည်းကရောက်နေကြတာ၊ လူကများတော့ စားရေးသောက်ရေး နေထိုင်ရေး အကုန်အခက်အခဲဖြစ်တာပေါ့။ ပြန်ချင်ပေမဲ့ ပြန်လို့မရဘူး။ ကျောင်းဝင်းထဲကနေ ဘယ်သူမှမထွက်ရဘူး။ ထွက်ရင်ပစ်မယ်လို့ စစ်တပ်က ပြောထားတယ်။ ဒီနားမှာ စစ်တပ်ရှိတယ်လေ။ မြောက်ပိုင်းအဖွဲ့က သူတို့ကို လာချရင် ဘုန်းကြီးကျောင်းပါထိမှာစိုးလို့  စစ်ဘေးရှောင်တွေပြန်ချင်ပြီ။ စစ်တပ်ကလည်း မပေးပြန်ဘူး။ အကာအကွယ်ယူထား တာလားမသိဘူး။ ဒီလိုမျိုး နောက်ထပ်ဘယ်ချိန်ထိနေသွားရမလဲ။ အလုပ်လည်းမလုပ်ရ၊ စပါးတွေ လည်းမရိတ်ရ၊ ပြောင်းဖူးတွေလည်းမချိုးရ တကယ်ဒုက္ခရောက်ပါတယ်။”

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မနက်စောစောကစပြီး သိန္နီမြို့ပြင်မှာရှိတဲ့ရဲကင်းတွေ၊ မြို့အဝင်အထွက်ဂိတ်တွေ၊ စကစ တပ်စခန်းငယ်တွေ တိုက်ခိုက်ပြီး လယ်ကွင်းတွေထဲက ဖြတ်ကာ သိန္နီမြို့ထဲ ဝင်ရောက်လာတယ်လို့ ဒေသခံက ပြောပါတယ်။ သိန္နီကနေ ကွန်လုံ - မူဆယ်ဘက်ကို တက်သွားမယ့် လမ်းမကြီးပေါ်က နမ္မတူတံတားကြီးလည်း မနေ့ညက မိုင်းခွဲခံရလို့ ပျက်စီးသွားပြီး ဒီကနေ့မှာလည်း ပစ်ခတ်သံတွေ မကြာခဏ ကြားနေရတယ်လို့ သိန္နီဒေသခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013