DVB Logo
Home
မြန်မာသတင်း
ကိုးကန့်ဒေသရွာများကို လေယာဉ်ဖြင့်ဗုံးကြဲ၊ သိန္နီမြို့ကို တော်လှန်ရေးတပ်က သိမ်းပိုက်ခဲ့
DVB
·
October 29, 2023
ကိုးကန့်ဒေသရွာများကို လေယာဉ်ဖြင့်ဗုံးကြဲ၊ သိန္နီမြို့ကို တော်လှန်ရေးတပ်က သိမ်းပိုက်ခဲ့
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲက ကျေးရွာတွေကို စစ်ကောင်စီက အောက်တိုဘာ ၂၉ ရက် မနက် ၃ နာရီဝန်းကျင်ကနေ လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်နေလို့ ပြည်သူ နေအိမ်တွေ ထိခိုက်ပျက်စီးရတယ်လို့ သိရပါတယ်။

လားရှိုးမြို့ခံတယောက်က “မနက် ၃ နာရီလောက်က တရွာ၊ ၅ နာရီလောက်မှာ တရွာ ထိတယ်။ လားရှိုးအရှေ့ဘက် ကုန်ညော်စခန်းလေးကိုလည်း MNDAA က  သိမ်းတယ်ဆိုတော့ လေယာဉ်ကလည်း အသံမပြတ်သလောက်ပဲ” လို့ ပြောပါတယ်။

ကိုးကန့်သတင်းတွေအရ ဗုံးကြဲခံရတဲ့ ကျေးရွာတွေက Niupingziba နဲ့ Ma Li Ping ကျေးရွာတို့ ဖြစ်တယ်လို့ သိရပြီး အောက်တိုဘာ ၂၉ မနက် ၃ နာရီဝန်းကျင်မှာ ချင်းရွှေဟော်မြို့နယ် Ma Li Ping ကျေးရွာ၊ မနက် ၅ နာရီမှာတော့ ကိုးကန့်မြို့နယ် Niupingziba ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ဟာ Operation 1027 အမည်နဲ့ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေလို့ စစ်ကောင်စီက တိုက်လေယာဉ်တွေ သုံးပြီး ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်က သိန္နီမြို့ကို ညီနောင်မဟာမိတ်တပ်ဖွဲ့က အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ထိန်းချုပ်နိုင် ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

“လွန်ခဲ့တဲ့ တနာရီကျော်၊ မနက် ၇ နာရီကျော်က ဝင်စီးနိုင်ခဲ့တယ်။ ခေတ္တ ထိန်းချုပ်တယ်ပေါ့။ အဲလောက်ပါပဲ။ အသေးစိတ်တော့ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

တိုက်ပွဲကတော့ နေရာအများစုမှာ ဆက်ဖြစ်နေသေးတယ်လို့လည်း သိရပြီး အောက်တိုဘာ ၂၈ ည ကတည်းက အဆက်မပြတ်အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး ရဲစခန်းကိုလည်း ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့သလို လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခံရတာမို့ အသေအပျောက်တော့ များမယ်လို့ ခန့်မှန်းကြောင်းလည်း ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မ ၄ ရင်း ၈ တပ်ဖွဲ့ဝင်တွေက မနက် ၆ နာရီမှာ ခမရ ၃၂၄ ကို ဝင်စီးခဲ့တယ်လို့လည်း ရှေ့တန်းရင်းမြစ်နဲ့ နီးစပ်သူတွေက တဆင့်သိရပါတယ်။

လွန်ခဲ့တဲ့ရက်တွေကတည်းက ဖုန်းလိုင်းတွေ ပြတ်တောက်နေခဲ့တာမို့ ​ဒေသခံ ပြည်သူတွေရဲ့ အခြေအနေကိုလည်း မသိရသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် လမ်းမကြီးပေါ်က သိန္နီမြို့ဟာ လောက်ကိုင်ဘက်သွားတဲ့ လမ်းခွဲ ရှိတဲ့ မြို့ဖြစ်လို့ ရှမ်းမြောက်ပိုင်းရဲ့ အရေးပါတဲ့ မြို့လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013