
ကိုးကန့် (MNDAA) ထိန်းချုပ်ဒေသဖြစ်တဲ့ အထူးဒေသ ၁ ကို အရပ်သားအုပ်ချုပ်ရေးစနစ် ပြောင်းလဲနေပြီး တပ်ဘက်က ပါဝင်ပတ်သက်တာတွေ မလုပ်တော့ဘူးလို့ MNDAA စစ်ရေးသတင်းအရင်းအမြစ်ဆီက သိရပါတယ်။
အထူးဒေသ ၁ ဖြစ်တဲ့ ကွတ်ခိုင်၊ သိန္နီ၊ မုံးကိုးနဲ့ ကိုးကန့်ခရိုင်တွေမှာ အရပ်သားအုပ်ချုပ်ရေး စတင်နေပြီး သိန္နီမှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကစလို့ အရပ်သားအုပ်ချုပ်ရေးတွေ လုပ်ဆောင်ဖို့ ခေါ်ယူပြောဆိုနေတယ်လို့ သိရပါတယ်။
MNDAA သတင်းအရင်းအမြစ်က “အထူးဒေသ ၁ တခုလုံးကို အရပ်ဘက်အုပ်ချုပ်ရေး လုပ်မှာပါ။ ရှမ်းလူမျိုးစုတွေ နေထိုင်တဲ့ နေရာကို ရှမ်းလူမျိုးတွေကိုပဲ နေရာပေးတာ၊ ကချင်လူမျိုးစုတွေ နေထိုင်တဲ့ နေရာကို ကချင်လူမျိုးကိုပဲ နေရာပေး အုပ်ချုပ်စေတာတွေ လုပ်နေပါပြီ။ အဓိကတော့ အုပ်ချုပ်ရေးမှူး ခန့်တာတွေပေါ့။ စစ်ဘက်က ပါဝင်ပတ်သက်တာတွေ မလုပ်တော့ဘူး။ အခု ဖြည်းဖြည်းချင်း ပြောင်းလဲလာနေပါပြီ” လို့ DVB ကို ပြောပါတယ်။
အဲဒီ အရပ်သားအုပ်ချုပ်ရေးစနစ်ဟာ နိုင်ငံအတွင်းက ခွဲထွက်တာမဟုတ်ဘဲ အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီ လက်အောက်ကနေပဲ စီမံခန့်ခွဲတာဖြစ်ပြီး လားရှိုးမြို့ကို MNDAA အုပ်ချုပ်စဉ်ကလည်း အဲဒီလို အရပ်သားအုပ်ချုပ်ရေးစနစ်နဲ့ လည်ပတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
သိန္နီဒေသခံတယောက်က “ကျနော်တို့ကို ပြီးခဲ့တဲ့ သောကြာနေ့က ခေါ်ပြောတယ်။ အုပ်ချုပ်ရေးပိုင်းမှာ ခင်ဗျားတို့ပြည်သူကပဲ တာဝန်ယူပါ။ ကျနော်တို့ ကိုးကန့်တွေအနေနဲ့ နောက်ကပဲ နေတော့မယ်လို့ ပြောတယ်။ လက်ရှိမှာ မြို့ပေါ်ရပ်ကွက် ၄ ခုကို အရပ်သားတွေ အုပ်ချုပ်ရေးစနစ်လုပ်ဖို့ ပြင်ဆင်နေတာ။ ကိုးကန့်ဘက်က ဝင်မစွက်ဖက်တော့ဘူးပေါ့လေ။ အဲဒီလိုပြောတာ” လို့ ပြောပါတယ်။
ဒေသခံတွေဘက်ကတော့ လားရှိုးမြို့ကို စစ်တပ်ဆီ ပြန်ပေးရသလို ပြန်ပေးရမှာကို စိုးရိမ်နေကြပေမဲ့ MNDAA ဘက်ကတော့ အဲဒီလိုဖြစ်လာမှာမဟုတ်ဘဲ အရပ်သားအုပ်ချုပ်ရေးစနစ် လုပ်ချင်တာကြောင့် ခေါ်ယူတွေ့ဆုံတာလို့ ဆိုပါတယ်။










