
ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့မှာ ဇူလိုင် ၁ ရက် ညက စတင်ပြီး ရေအားလျှပ်စစ်မီး စတင်ရရှိပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁ ရက် ညကနေ ဇူလိုင် ၂ ရက် မနက်ပိုင်းအထိ လျှပ်စစ်မီးရပြီး ညမှ ပြန်လာတာ ဖြစ်ကြောင်း၊ ဇူလိုင် ၃ ရက် ဒီမနက်ပိုင်းအထိ မီးက မပြတ်ဘဲ လာနေဆဲဖြစ်တယ်လို့ မြို့ခံက ပြောပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “သိန္နီမှာ မီးလာပြီ ဟုတ်တယ်။ ဇူလိုင် ၁ ရက် ၈ နာရီလာက်က စလာတာ။ မီး ၂၄ နာရီရမယ် ပြောတာပဲ” လို့ ပြောပါတယ်။
သိန္နီမြို့မှာ ခါတိုင်း ရေအားလျှပ်စစ်မီး မရခင်တုန်းကတော့ မီးစက်နှိုးပြီး ည ၆ နာရီကနေ ၈ နာရီ အထိ မီးပေးတယ်လို့ မြို့ခံက ပြောပြပါတယ်။
အခု ရေအားလျှပ်စစ်မီးကတော့ တယူနစ်ကို မြန်မာငွေကျပ် ၄၀၀ ပေးဆောင်ရမယ်လို့ သိရပါတယ်။
နယ်စပ်ကုန်သည်တယောက်က "သိန္နီတော့ ရေအားလျှပ်စစ်မီး လာပြီ။ တယူနစ်မှ ၄၀၀ ကျပ်လို့ ပြောတယ်။ ခါတိုင်းက မီးစက်နဲ့ဆိုတော့ ၁ ယူနစ် ၁,၀၀၀ ကျပ်" လို့ ပြောပါတယ်။
အလားတူ ကွတ်ခိုင်ကိုလည်း အဲဒီ ရေအားလျှပ်စစ်မီး ပေးမယ်လို့ သိရပြီး ကွတ်ခိုင်မြို့ဘက်တော့ မီးကြိုးတွေ မသွယ်ရသေးပါဘူး။
အဲဒီရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရဲ့ စုစုပေါင်း လျှပ်စစ်မီးထုတ်လုပ်နိုင်စွမ်းရည်ဟာ ၁၂,၆၀၀ ကီလိုဝပ် ရှိပါတယ်။











