DVB Logo
Home
မြန်မာသတင်း
မယ်စဲ့မြို့ကို ၄ လကြာသည်အထိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား
DVB
·
October 19, 2023
မယ်စဲ့မြို့ကို ၄ လကြာသည်အထိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်ထဲက မယ်စဲ့မြို့ကို  စစ်ကောင်စီတပ်တွေက ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားနေပေမဲ့ ပြန်မသိမ်းနိုင်သေးဘဲ ၄ လကြာသည်အထိ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ဆဲပဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF ကပြောပါတယ်။

KNDF စစ်ရေးချုပ် ခူးရီးဒူက “မယ်စဲ့ကို ခုချိန်ထိတော့ ကျနော် တို့တော်လှန်ရေးဘက်က ထိန်းချုပ်နေထားတာပေါ့” လို့ အတည်ပြု ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်နားက မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ်၊ ဇွန်လလယ်ပိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေဆင်နွဲခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်ပဲ စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ထဲကို တပ်ရင်းတွေ အမြောက်အမြား ပို့ထားတဲ့အပြင် လေကြောင်းပါ အသုံးပြုပြီး မယ်စဲ့မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်ကောင်စီတပ်က အစီးရေ ၈၀ ဝန်းကျင်ပါတဲ့ ယာဉ်တန်းတွေကို ဩဂုတ်လကတည်းက မယ်စဲ့မြို့ကို ပို့ဆောင်နေတာပါ။

ဒီယာဉ်တန်းတွေအားလုံးဟာ ကရင်နီပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်ကနေ ဒီးမော့ဆို-ဖရူဆိုအထိသာ ရောက်ရှိသေးပြီး ၄ လကြာတဲ့အထိ မယ်စဲ့မြို့ကို မရောက်ရှိသေးပါဘူး။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF ရဲ့ စစ်ရေးချုပ် ခူးရီးဒူက “စစ်ကောင်စီတွေက ဖရူဆိုကနေမှ တဆင့် ဘော်လခဲကို ရိက္ခာတွေ ပို့နိုင်ဖို့၊ ကျည်တွေပို့နိုင်ဖို့၊ လူအင်အားအပါအဝင် ပို့နိုင်ဖို့က သူတို့ကြိုးစားနေဆဲ အနေအထားမှာရှိတယ်။ ကားတွေတော့ ၂ စီး၊ ၃ စီးတော့ ဘော်လခဲကို ရောက်သွားတာရှိတယ်” လို့ ပြောပြပါတယ်။

ဒါကြောင့်  ဖရူဆိုကနေ ဘော်လခဲကိုသွားတဲ့ ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ မယ်စဲ့မြို့နားက အရင် BGF တပ်စခန်းတွေရှိတဲ့ ပန်တိမ်းရွာကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားပြီး အဲဒီမှာ အင်အား ၂၀၀ ကနေ ၃၀၀ ဝန်းကျင်အထိရှိနေတယ်လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူက ဖြေဆိုဖူးပါတယ်။

ဒါနဲ့ပတ်သက်လို့တော့ KNDF စစ်ရေးချုပ်က စစ်ရေးလျှို့ဝှက်ချက်တွေ ရှိနေတဲ့အတွက် အတိအကျမပြောခဲ့ဘဲ လစဉ် အစီရင်ခံစာတွေ ထုတ်ပေးမယ်လို့ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အတိအကျမပြောနိုင်ပေမယ့် ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ မယ်စဲ့မြို့တဝိုက်မှာလည်း တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လလယ်ပိုင်းမှာ မယ့်စဲ့မြို့သိမ်းတိုက်ပွဲနဲ့ ခုခံစစ်တွေကို ကရင်နီပြည် အခြေစိုက် တပ်ဖွဲ့တွေဖြစ်ကြတဲ့ ကလလတ (KNPLF) နဲ့အတူ 4k တပ်ပေါင်းစုအဖြစ် မဟာမိတ်စုဖွဲ့ထားတဲ့ KNU/KNLA, KNPP/KA, KNDF တပ်ဖွဲ့တို့က ပူးပေါင်းဖော်ဆောင်ခဲ့တာပါ။

တိုက်ပွဲကြောင့် မယ်စဲ့မြို့ခံ ၃၀၀၀ နီးပါးဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပေးခဲ့ကြရပြီး မဟာမိတ်တပ်ပေါင်းစုဘက်ကလည်း ရဲဘော် ၁၀ ယောက်ထက်မနည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013