
တနင်္သာရီတိုင်း၊ ရေး-ထားဝယ်အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်းဆီ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၁၅ ယောက်သေဆုံးတယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က ထုတ်ပြန်ပါတယ်။
သြဂုတ် ၂၉ ရက် မနက် ၆ နာရီခွဲလောက်မှာ အင်အား ၁၂၀ လောက်ပါတဲ့ စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၂ နာရီကြာလောက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၅ ယောက်သေဆုံး၊ အများအပြားထိခိုက်ဒဏ်ရာရပြီး MA1 သေနတ် ၆ လက်၊ MA3 သေနတ် ၂ လက်၊ ကျည်ဘောက် ၁၁ ခုနဲ့ ကျည် ၂၀၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပြီး တော်လှန်ရေးပူပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တယောက် မစိုးရိမ်ရထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒူရက စစ်ကြောင်းမှူးက ဆိုပါတယ်။
ဒူရကစစ်ကြောင်းမှူး ရဲဘော်ဖားကြီးက “သူတို့ (စကစ)က ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နယ်မြေရှင်း စစ်ကြောင်းထိုးနေတာတွေရှိတယ်။ ပြီးတော့ သူတို့က ရေနက်ဆိပ်ကမ်း ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့တယ်။ ပစ္စည်းတွေခိုးတယ်။ တော်လှန်ရေးတပ်တွေကို ရင်မဆိုင်ဘဲနဲ့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ မှန်လားဆိုတာ စစ်တပ်ကကောင်တွေကို ပြန်လည်သုံးသပ်စေချင်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲဖြစ်ရာအနီးပတ်ဝန်းကျင်ကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
တိုက်ပွဲမှာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ ကျားသစ်နက်၊ ဘီးလုံးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (DEF)၊ ကိုမြတ်သူအဖွဲ့နဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။











