
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံရွာကို စစ်တပ်က စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီ လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မုံရွာ နမခကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၂ စင်း၊ Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ် တစင်းနဲ့ ဗုံးကြဲပစ်ခတ်သွားတာလို့ သိရပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “ဘူတာရုံအနီးက ဝပ်ရှော့ကို လာကြဲချသွားတာ။ လူတွေလည်း သေတာ အများကြီးသေတယ်။ အိမ်တွေလည်း ပျက်စီးတယ်။ အခုကတော့ ကြောက်နေလို့ အများကြီး မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
အဲဒီရွာနဲ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲမရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေလည်း မရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတာလို့ ရေဦး ပကဖ အဖွဲ့ဆီက သိရပါတယ်။
ရေဦးမြို့နယ် တင်းတိမ်ရံဒေသခံ လူမှုကူညီကယ်ဆယ်ရေး ပရဟိတသမားတယောက်က “ဂျိုင်ရိုကော်ပတာ ၂ စီးက ဗုံး ၂ လုံး ကြဲချတာ။ အဲဒါက အထိများတာ။ အခု အလောင်းက အမျိုးသမီး တလောင်းနဲ့ အမျိုးသား ၆ လောင်း၊ စုစုပေါင်း ၇ လောင်း ရှာတွေ့နေပြီ။ အကြဲခံရတဲ့ နေရာအနီးက ရေအိုင်လည်းရှိတော့ အဲဒီရေအိုင်ထဲလည်း ရှာရဦးမယ်။ ပုလင်းကွဲတွေလည်း ရှိတော့ အိုင်ထဲလည်း ရဲရဲမရှာရဲသေးဘဲ ထိန်းရှာနေရတယ်။ အခုတွေ့တဲ့ အလောင်းတွေကလည်း ခါးပြတ်၊ ခေါင်းပြတ်တဲ့ အလောင်းတွေလည်း ပါတယ်။ Mi35 ကတော့ ဗုံးမကြဲဘူးဗျ။ ဂျိုင်ရိုကော်ပတာ ဗုံးကြဲချလို့ ထွက်ပြေးကြတဲ့ ပြည်သူတွေကို အပေါ်ကနေ စက်လတ်နဲ့ လိုက်ပစ်တာ။ ဒဏ်ရာရသူတွေကလည်း များတယ်။ အခုထိတော့ ကား ၁၁ စီးနဲ့ လူနေအိမ်တွေလည်း ပျက်စီးတယ်” လို့ ပြောပါတယ်။
တင်းတိမ်ရံဟာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ် စစ်ကြောင်းဝင်ပြီး အကြိမ်ကြိမ် မီးရှို့ခံရသလို လေကြောင်းကနေ စာသင်ကျောင်း အပါအဝင် ကျေးရွာကို အကြိမ်ကြိမ် လေကြောင်းကနေ ဗုံးကြဲချခံနေရတဲ့ ကျေးရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ရေဦးပကဖအဖွဲ့ဝင်တယောက်က “မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိသလို စစ်ရေးပစ်မှတ်နဲ့ တူတာဆိုလို့ ဘာမှမရှိပါဘူး။ အကြောင်းမဲ့ လာပစ်တာ။ ပစ်တဲ့နေရာလည်း ခင်ဗျား မြင်တဲ့အတိုင်းပဲလေ ကားပြင်တဲ့ ဝပ်ရှော့ကို ပစ်တာလေ။ ဘာ PDF မှ မရှိသလို ဘာမှမရှိတဲ့ နေရာကို ပစ်တာ။ ပြည်သူကို သတ်နေတဲ့ စစ်တပ်ပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ကတော့ စက်တင်ဘာ ၇ ရက် ညနေမှာ မုံရွာ နမခ အထိုင်စခန်းကနေ ရေဦးမြို့နယ် တင်းတိမ်ရံ ကျေးရွာအပြင် ချောင်းဦးမြို့နယ်အတွင်းကိုလည်း ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ် ယာကြီးကျေးရွာအနီးမှာ စစ်အာဏာရှင်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ စက်တင်ဘာ ၆ ရက် နေ့ခင်းပိုင်းက နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းဟာ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို အင်အား ၇၀၀ ကျော်၊ ၈၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲဖြစ်တာက ယာကြီးရွာအနီး ကွမ်းပင်ရေစခန်းက ဖက်ချောင်းကူး တံတားအနီးမှာ ဖြစ်တာ။ တိုက်ပွဲဖြစ်တာက မနက်ခင်း ၉ နာရီလောက်က စဖြစ်တာပဲ။ နေ့ခင်း ၂ နာရီလောက်ကျမှ သေနတ်သံတွေက ငြိမ်သွားတာ။ ဘယ်ဘက်က ဘယ်လောက်ကျတယ် ဆိုတာကိုတော့ ကျနော်တို့ အရပ်သားတွေ မသိရဘူး” လို့ ပြောပါတယ်။
အခုလို စစ်တပ် စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် မုံရွာ-ယာကြီး-ကလေး ကားလမ်းမကြီး လမ်းဘေးဝဲယာမှာရှိတဲ့ ဒေသခံတွေ အပါအဝင် ချောင်းမကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ သင့်ငံရွာနဲ့ ယာကြီး အုပ်စုအတွင်းမှာပါတဲ့ ကျေးရွာ ၄ ရွာက ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး ကျောက်လုံးကြီးအဖွဲ့ တာဝန်ရှိသူက “ယာကြီးရွာအနီးမှာ တိုက်ပွဲဖြစ်ကြတာ ဟုတ်ပါတယ်။ စစ်(-)တွေ အတော်များများ အထိနာတယ်။ သေဆုံးသူက အနည်းဆုံး ၁၀ ဦးအထက်မှာ ရှိမယ်။ ဒဏ်ရာရရှိသူတွေလည်း များတယ်။ ကိုယ့်ဘက်ကတော့ လက်ဦးမှုရယူခဲ့ရလို့ အထိအခိုက် မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်က ယာကြီးကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ရွာမကျေးရွာနဲ့ ရေဖြူကျေးရွာတွေမှာ စခန်းချ တပ်စွဲကာ ဒဏ်ရာရရဲဘော်တွေကို ဆေးကုသနေပြီး အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။
Photo: ဒေသခံ











