DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို အရေးယူရန် အရပ်ဘက်အဖွဲ့အစည်း ၄၄၀ တောင်းဆို
DVB
·
October 18, 2023
မြန်မာစစ်တပ်ကို အရေးယူရန် အရပ်ဘက်အဖွဲ့အစည်း ၄၄၀ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေ အကြိမ် ၁,၀၀၀ လောက်တိုက်ခိုက်ခဲ့တဲ့ မြန်မာစစ်တပ်ကို  ဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းအားလုံးနဲ့ အရေးယူဖို့  မြန်မာအရပ်ဘက် အဖွဲ့အစည်း ၄၄၀ က တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာမှာရှိတဲ့ မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေက ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့  အဖွဲ့ဝင်နိုင်ငံတွေဆီကို အောက်တိုဘာ ၁၇ ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်တာပါ။

ကုလသမဂ္ဂဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ရဲ့နောက်မှာ ပုန်းကွယ်နေတာကိုရပ်ပြီး တိကျခိုင်မာတဲ့လုပ်ဆောင်ချက်တွေနဲ့ မြန်မာပြည်သူတွေကို အကာအကွယ် ပေးရမယ် ဆိုတဲ့တာဝန်ကို ဆောင်ရွက်ဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုပါတယ်။

မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်အုပ်စုရဲ့ ပိုဆိုးလာနေတဲ့ ရက်စက် ကြမ်းကြုတ်မှုကို ခိုင်မာတဲ့သက်သေအထောက်အထားနဲ့ ဖော်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာကို ကြိုဆိုထောက်ခံပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ အပြည့်အစုံကို အပြည်ပြည်ဆိုင်ရာဇဝတ်ခုံရုံး (ICC) ထံကို လွှဲပြောင်းပေးဖို့ မဟာမင်းကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုတာကိုလည်း တခဲနက်ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ ပြဋ္ဌာန်းခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ဟာ ခိုင်မာမှုမရှိဘဲ စိတ်ပျက်စရာကောင်းပြီး လုံခြုံရေးကောင်စီဟာလည်း  ကုလသမဂ္ဂပဋိညာဉ်ပါ တာဝန်ဝတ္တရားတွေကို လိုက်နာဆောင်ရွက်ဖို့ လုံးဝပျက်ကွက်ခဲ့ရုံ သာမက  တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရေးအတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ အကျပ်အတည်းကို ICC ဆီကို လွှဲပြောင်းပေးရမယ့် သူ့ရဲ့ တာဝန်ကိုလည်း လုံးဝ ပျက်ကွက်ခဲ့တယ်လို့ အရပ်ဘက်အဖွဲ့တွေက ဝေဖန်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံအနှံ့ဖြစ်နေတဲ့ အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုထားပေမယ့် အဲဒီနောက်ပိုင်းမှာ စစ်အုပ်စုဟာ လေကြောင်းကနေ အနည်းဆုံး ၉၆၅ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လိုအပ်နေသူတွေဟာ ဘေးအန္တရာယ် ကင်းကင်း၊ တားဆီးနှောင့်ယှက်တာတွေမရှိဘဲ ပြည့်ပြည့်ဝဝ လက်လှမ်းမီ ရရှိနိုင်ရေး ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း စစ်အုပ်စုက ပြောင်ပြောင်တင်းတင်း အလေးမထားခဲ့ဘူးလို့ ဆိုပါတယ်။

ကုလသမဂ္ဂဟာ လွန်ခဲ့တဲ့ ၂၉ လအတွင်း သူ့ရဲ့ တာဝန်ရှိမှုတွေကို အာဆီယံနဲ့ အာဆီယံရဲ့ မထိရောက်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ်လွှဲပြောင်းပေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂ က ကူညီပံ့ပိုးပေးဖို့ အာဆီယံ ကိုယ်တိုင်က အတိအလင်း တောင်းဆိုထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့အကျပ်အတည်းဟာ မတွေးနိုင်လောက်တဲ့အထိ ပျက်သုဉ်းမှုအဆင့်ကို ရောက်နေပြီ ဖြစ်လို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ကိုချက်ချင်းအကောင်အထည်ဖော်ဖို့နဲ့ ဆုံးဖြတ်ချက်ချရာမှာ တရုတ် ဒါမှမဟုတ် ရုရှားနိုင်ငံက ဗီတိုအာဏာနဲ့ ပယ်ချခဲ့မယ်ဆိုရင် ယူကရိန်းနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံက ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်ချသလိုမျိုး အခုလည်း ချမှတ်မယ်လို့ မျှော်လင့်ကြောင်းလည်း ပေးစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013