DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာများကို အဓမ္မပြန်ပို့မည့်အစီအစဉ် ရပ်တန့်ရန် အရပ်ဘက်အဖွဲ့များနှင့် IIMM တောင်းဆို
DVB
·
September 24, 2026
Photo: REUTERS/Hasnoor Hussaina
Photo: REUTERS/Hasnoor Hussaina
Donate to DVB

မလေးရှားနိုင်ငံအနေနဲ့  ရိုဟင်ဂျာ ၂၀၀,၀၀၀ ကို အတင်းအဓမ္မ နေရပ်ပြန်ပို့ဖို့ စီစဉ်နေတာကို ရပ်တန့်ဖို့ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၆၆ ဖွဲ့နဲ့ တသီးပုဂ္ဂလ ၁၄၀ ကျော်တို့က  စက်တင်ဘာ ၂၃ ရက် နေ့စွဲနဲ့  ပူးတွဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်ရှိအနေအထားမှာ ပြည်သူလူထုတွေအတွက် မတည်ငြိမ်ဘဲ အလွန်အမင်း အန္တရာယ်ရှိနေဆဲ ဖြစ်တယ်လို့   မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကလည်း ဒီကနေ့ စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ရှိ လက်ရှိအခြေအနေမှာ ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့ အထောက်အကူ ဖြစ်မနေသေးကြောင်း နေရပ်ပြန်မပို့ခင် မြန်မာနိုင်ငံတဝန်းရှိ ပြည်သူတွေ ပြင်းထန်စွာခံစားနေရတဲ့ ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ်လို့လည်း ဆိုပါတယ်။

ပဋိပက္ခတွေအကြား ပြည်သူလူထုအနေနဲ့ မကြာခဏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်၊ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ၊ မတရားဖမ်းဆီးချုပ်နှောင်ခံရတာ၊ လိင်ပိုင်းဆိုင်ရာနဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုတွေနဲ့ နှိပ်စက်သတ်ဖြတ်မှုတွေရဲ့ သားကောင် ဖြစ်နေကြရတယ်လို့ IIMM ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေကို နေရပ် အဓမ္မပြန်စေလွှတ်မဲ့ အစီအစဉ်ကို အရှိန်မြှင့်တင်ဖို့အတွက် မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ရဲ့ အဆိုပြုချက်အပေါ် အလွန်အမင်း စိုးရိမ်ပူပန်တယ်လို့လည်း အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ လောက်ကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံဘက်က သဘောတူညီခဲ့တယ်လို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပြောထားပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးကို အခုလကုန်ပိုင်းမှာ စစ်ရေယာဉ်တွေနဲ့ သွားရောက်ခေါ်ယူမယ်လို့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီအထဲမှာ ရိုဟင်ဂျာတွေ ဘယ်လောက်ပါဝင်မလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် လက်ရှိကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုရဲ့ အဓိက ပဲ့ကိုင်ရှင်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ဖို့ စဉ်းစားသုံးသပ်နေတာကို ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် အနေနဲ့ သတိရဖို့ အရေးကြီးကြောင်းနဲ့ ရိုဟင်ဂျာတွေကို အဓမ္မ နေရပ်ပြန်ပို့တာဟာ လက်ရှိဖြစ်ပွားနေတဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှာ ကြံရာပါအဖြစ် ပါဝင်ပတ်သက်ရာ ရောက်စေမယ်လို့ အရပ်ဘက် အဖွဲ့တွေက သတိပေးထားပါတယ်။

ရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံရဲ့ လုံခြုံရေးနဲ့ စီးပွားရေးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်ဆိုတဲ့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ရဲ့ ပြောဆိုချက်ကိုလည်း ပြင်းထန်စွာ ရှုတ်ချတယ်လို့လည်း အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။

ရိုဟင်ဂျာတွေ ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး မြေပြင်မှာ လုပ်ကိုင်နေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့နဲ့ မြန်မာနိုင်ငံရှိ အခြေအနေကို ဘက်စုံလွှမ်းခြုံ အကဲဖြတ်နိုင်ဖို့အတွက် စီစဉ်ထားတဲ့ အတင်းအဓမ္မ နေရပ်ပြန်ပို့ရေးကို ရပ်တန့်ထားဖို့ တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက် အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံခြင်းဖြင့် မလေးရှားနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားဖြောင့်မတ်မှု (သိက္ခာသမာဓိ) ကို အထိခိုက်မခံသင့်ကြောင်း လူမျိုးတုံးသတ်ဖြတ်မှုဘေးကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေတာဟာ ပါလက်စတိုင်း လူမျိုးတုံးသတ်ဖြတ်မှုကို မလေးရှားနိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်နေတဲ့ ရပ်တည်ချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။

မလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့ မလေးရှားအာဏာပိုင်တွေ အပါအဝင် ဒေသတွင်းရှိ အစိုးရတွေ အားလုံးက မြန်မာနိုင်ငံအတွင်းရှိ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို တားဆီးဟန့်တားဖို့ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ကြဖို့လည်း မလေးရှားနဲ့ မြန်မာ အပါအဝင် နိုင်ငံတကာရှိ မိတ်ဖက် အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ပြည်တွင်းနေရပ်စွန့်ခွာရသူပေါင်း (IDPs) ၄၉၈,၀၀၀ ရှိပြီး နိုင်ငံတဝန်းရှိ ပြည်တွင်း နေရပ်စွန့်ခွာရသူပေါင်း ၄ သန်းရဲ့ ၁၂ ဒသမ ၄ ရှိကာ နိုင်ငံအတွင်း နေရပ်စွန့်ခွာရသူ အရေအတွက် ဒုတိယအများဆုံး ဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခ၊ စီးပွားရေးကပ်ဘေး၊ သဘာဝဘေးနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်မှာ   စစ်အာဏာရှင်တပ်ရဲ့ နေ့စဉ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လူသားချင်းစာနာ အကူအညီတွေကို ဖြတ်တောက် ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေဟာ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာ မလုံခြုံမှု၊ ရောဂါတွေနဲ့ ဒုက္ခရောက်နေကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013