
စစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်ကို ကန့်ကွက်ကြောင်းနဲ့ စစ်အာဏာရှင်ကို ထောက်ပံ့မဲ့ ကူညီမှုတွေကိုရပ်တန့်ဖို့ ထိုင်းအရပ်ဘက် အဖွဲ့အစည်း ၁၆ ဖွဲ့က သြဂုတ် ၅ ရက်က ပူးတွဲကြေညာပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ မိမိပြည်သူအပေါ် အကြမ်းဖက်မှု၊ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်ပြီး၊ မြန်မာ့အရေးဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာပါ ဒုက္ခသည်ပြဿနာ၊ လူကုန်ကူးမှုနဲ့ နယ်စပ်မတည်ငြိမ်မှုတွေ ရိုက်ခတ်နေတာကြောင့် စစ်အာဏာရှင်ကို တရားဝင်မှုပေးခြင်းဟာ ဒေသတွင်း ပဋိပက္ခကို ပိုမိုရှည်ကြာစေတယ်လို့ ထောက်ပြထားပါတယ်။
ဒါ့ကြောင့် ထိုင်းအစိုးရအနေနဲ့ စစ်အုပ်စုထံ ဝင်ငွေနဲ့ အကျိုးအမြတ်တွေ စီးဆင်းနေမှုကို ရပ်တန့်ဖို့၊ ထိုင်းရောက်မြန်မာလုပ်သားတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ ထိုင်းအရပ်ဘက်အဖွဲ့တွေက ထုတ်ပြန်တောင်းဆိုထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ကနေတဆင့် ဖြတ်သန်းခြင်းမပြုဘဲ လူသားချင်းစာနာမှု အကူအညီတွေကို ပြည်သူတွေထံ တိုက်ရိုက်ပေးအပ်ဖို့၊ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပယ်ချဖို့နဲ့ အာဆီယံအပါအဝင် နိုင်ငံတကာ စေတနာရှင်တွေအနေနဲ့ စစ်အာဏာရှင်ကို တရားဝင်မှု မပေးကြဖို့ အချက် ၅ ချက်နဲ့ တောင်းဆိုထားပါတယ်။
ဒီထုတ်ပြန်ချက်ကို Solidarity Collective TH၊ SEM၊ Milk Tea Alliance Thailand၊ Assembly of the Poor အပါအဝင် ထိုင်းနိုင်ငံအခြေစိုက် အရပ်ဘက်နဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးအဖွဲ့ ၁၆ ဖွဲ့က စုပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ၂ ရက်ကြာ ချစ်ကြည်ရေးခရီးရောက်လာတဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ်အနုထင်းက ဩဂုတ် ၆ ရက်မနက်က ဘန်ကောက်မြို့ရှိ အစိုးရအဖွဲ့ရုံးမှာ အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။










