DVB Logo
Home
မြန်မာသတင်း

ICJ စီရင်ချက်အပေါ်  စိတ်ပျက်အားလျော့မိဟု စစ်အာဏာရှင် နိုင်ငံခြားရေးဌာန ထုတ်ပြန်

DVB
·
November 21, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လူမျိုးတုံးသတ်ဖြတ်တယ်လို့ ဆုံးဖြတ်ခံရတဲ့အပေါ် အများကြီး စိတ်ပျက်အားလျော့မိတယ်လို့ စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဌာနက နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အမှုရဲ့ အဓိကအချက်ဖြစ်တဲ့ လူမျိုးတုံးစေမှု ကျူးလွန်မှု ရှိ/မရှိ ကိစ္စအပေါ် ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲ၊ အများစုမဲအသာနဲ့ ဆုံးဖြတ်ခဲ့တဲ့ တရားရုံးရဲ့ စီရင်ချက်အပေါ် မြန်မာနိုင်ငံအနေနဲ့ များစွာစိတ်ပျက်အားလျော့မိတယ်လို့ ဆိုပါတယ်။

ပြီးတော့ တရားရုံး ဒုတိယဥက္ကဋ္ဌနဲ့ သက်တမ်းအရင့်ဆုံး တရားသူကြီးတွေပါဝင်တဲ့ တရားသူကြီး ၅ ယောက်၊ စုစုပေါင်း တရားသူကြီး ၆ ယောက်ရဲ့ သဘောထားကွဲလွဲမှု အမြင်အရ တရားရုံးဟာ ရေရှည်ကြာမြင့်စွာ ကျင့်သုံးလာခဲ့တဲ့ အစဉ်အလာစီရင်ထုံးဖြစ်တဲ့ လူမျိုးတုံးစေမှု ကျူးလွန်တယ်လို့ ဆုံးဖြတ်ရာမှာ ထားရှိရမြဲ သက်သေအဆင့်အတန်းတွေက သွေဖည်ခဲ့တယ်လို့ ဝေဖန်ပါတယ်။

အမှုစတင်စွဲဆိုခဲ့တဲ့ စွပ်စွဲချက်တွေဟာ ကြီးလေးတဲ့စွပ်စွဲမှုဖြစ်လို့ သူတို့အနေနဲ့ အထူးအလေးထား ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး တရားရုံးမှာ အမှုစတင်တင်သွင်းတဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကစလို့ ၇ နှစ်တာ ကာလအတွင်း တရားရုံးရဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် အစီရင်ခံစာတင်သွင်းဖို့ အမိန့်နဲ့အညီ အစီရင်ခံစာ ၁၃ စောင် တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

စာမျက်နှာ စုစုပေါင်း ၁၈၆ မျက်နှာ ရှည်လျားတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာလည်း ရှုပ်ထွေးလှတယ်လို့ ဆိုပါတယ်။

ပြီးတော့ တရားရုံးအမိန့်ကို သဘောထားအမြင်ကွဲလွဲမှုတွေနဲ့ ချမှတ်ခဲ့တာဖြစ်လို့ တညီတညွတ်တည်းအတည်ပြုတာ မဟုတ်ကြောင်း၊ FFM နဲ့ NGOs တို့ရဲ့ အစီရင်ခံစာတွေဟာ တရားရုံးက မတွေ့နိုင်တဲ့ တခြားအချက်တွေကို တဆင့်ကြားဖော်ပြရေးသာရုံပဲ ဖြစ်ကြောင်း စသဖြင့်လည်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာထောက်ထားမှုနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကို ပြည်တွင်းဥပဒေ၊ နိုင်ငံတကာကျင့်သုံးဆောင်ရွက်မှုတွေ၊ တည်ဆဲနှစ်နိုင်ငံ သဘောတူစာချုပ်တွေ၊ ဆောင်ရွက်ဆဲ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေနဲ့ အညီ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားပြီး မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်သင့်ပြီး အခြေအနေပိုမိုကောင်းမွန်စေရေးအတွက် အပြုသဘောနဲ့ ပူးပေါင်းပါဝင်သင့်ပါကြောင်း၊ သူတို့အနေနဲ့ စီရင်ချက်ကို အချိန်ယူအလေးထား လေ့လာသွားမယ် လို့လည်း ဖော်ပြထားပါတယ်။

ICJ စီရင်ချက်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်မဟုတ်ကြောင်းနဲ့  မတရားစွပ်စွဲခံရတာဖြစ်တယ်လို့ စစ်အာဏာရှင် သမ္မတရုံး ဒုဝန်ကြီး ဒေါ်ခိုင်ခိုင်စိုးကလည်း နိုဝင်ဘာ ၂၀ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖောက်ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် ဆုံးဖြတ်ချက် အမိန့်ချခဲ့တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013