ICJ စီရင်ချက် မှန်ကန်သည့်ဆုံးဖြတ်ချက်မဟုတ်၊ မတရားစွပ်စွဲခံရခြင်းဖြစ်ဟု စစ်အာဏာရှင် ပြောခွင့်ရသူ ပြော

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားသူကြီး ၁၅ ယောက်ရှိပြီး ၉ ယောက်သာ သဘောတူ ဆုံးဖြတ်ခဲ့တာကြောင့် ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ စစ်အာဏာရှင် သမ္မတရုံး ဒုဝန်ကြီး ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက နိုင်ငံတော်သမ္မတရုံးမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြည်တွင်းသတင်းဌာနတခုက ICJ စီရင်ချက်အပေါ် စစ်အာဏာရှင် သမ္မတရဲ့ သဘောထားကို မေးရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ခိုင်ခိုင်စိုးက "မနေ့က Result (ရလဒ်) ထွက်လာပါတယ်။ ကျမတို့ဘက်က ကြိုးစားတဲ့အပိုင်း ပြီးပြီပေါ့။ Result ထွက်လာတော့လည်း Result ကို ကြည့်တဲ့အချိန်မှာ တရားသူကြီး ၁၅ ယောက်ထဲမှာ ၁၅ ယောက်လုံးက သဘောတူတာ မဟုတ်ဘူး။ ၉ ယောက်က ဒီဆုံးဖြတ်ချက်ကို သဘောတူတယ်၊ ၆ ယောက်က သဘောမတူဘူးဆိုတော့ ဒါ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး။ Fair (မျှတ) မဖြစ်ဘူးလို့ ကျမ ပြောချင်ပါတယ်" လို့ ပြောပါတယ်။
ICJ နဲ့ ကိစ္စပတ်သက်ပြီး မတရားစွပ်စွဲခံရတာဖြစ်ပြီး ဖြေရှင်းချက်တွေကိုလည်း ထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့တယ်လို့ ဒေါ်ခိုင်ခိုင်စိုးက ဆက်ပြောပါတယ်။
"ICJ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိလဲဆိုတော့ ICJ နဲ့ ပတ်သက်ပြီး ကျမတို့နိုင်ငံဘက်က ဆောင်ရွက်ခဲ့တာ ၇ နှစ်ရှိပါပြီ။ ကျမတို့နိုင်ငံဘက်က မတရားစွပ်စွဲခံရတာလည်း အမှန်ပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဖြေရှင်းချက်တွေ ထဲထဲဝင်ဝင် အကုန်လုံး စနစ်တကျ လုပ်ခဲ့ပါတယ်။ နောက်တခုက သူတို့ချတဲ့အမိန့်တွေ၊ ဘာလုပ်ပါ၊ ညာလုပ်ပါဆိုတဲ့ အမိန့်တွေ အကုန်လုံးကိုလည်း လိုက်နာခဲ့ပါတယ်။ ကျမတို့ဘက်က လိုက်နာစရာ၊ ဆောင်ရွက်စရာရှိတာတွေကို နိုင်ငံတကာ သဘောတူညီချက်များနဲ့အညီ လုပ်ခဲ့ပါတယ်။”
မြန်မာနိုင်ငံဘက်က ပြန်လည်တုံ့ပြန်မှုအပိုင်းအနေနဲ့ လက်ရှိစီရင်ချက်အပေါ် အချိန်ယူ လေ့လာရမှာဖြစ်ကာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ICJ အပေါ် သဘောထားကို ဆက်ပြောပါတယ်။
"ဒီရက်ပိုင်း ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေက ICC နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တရားစီရင်ပိုင်ခွင့်အာဏာကို အလွဲသုံးစားမလုပ်သင့်ကြောင်း၊ ICJ ကလည်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို အမေရိကန်က လေ့လာသုံးသပ်နေတယ်၊ ဒါက နိုင်ငံရေးအရ အသုံးမပြုသင့်ဘူး။ ကျမတို့ သဘောထားထက်စာရင် တကယ့် ကမ္ဘာ့ထိပ်သီး ၃ နိုင်ငံက ထုတ်ပြန်ချက် ထုတ်ရတဲ့အနေအထားဆိုတော့ စဉ်းစားကြည့်ပေါ့" လို့ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။
အာဏာရှင် သမ္မတရုံးအဖွဲ့အနေနဲ့ ICJ ရဲ့ စီရင်ချက်တွေအပေါ် ပြန်လည်တုံ့ပြန်နိုင်ဖို့အတွက် အချိန်ယူ လေ့လာသွားမယ်လို့လည်း ပြောဆိုထားပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖောက်ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် ဆုံးဖြတ်ချက် အမိန့်ချလိုက်တာဖြစ်ပါတယ်။











