ICJ စီရင်ချက်ချပြီးနောက် ယူကေက မြန်မာစစ်သံမှူးကို နှင်ထုတ်၊ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ရန် တောင်းဆို

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ သမိုင်းဝင်စီရင်ချက်ချအပြီးမှာ ဗြိတိန်မှာရှိတဲ့ မြန်မာစစ်သံမှူးကို နှင်ထုတ်ဖို့ အမိန့်ပေးလိုက်ပြီး အဲဒီစီရင်ချက်ကို ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတရပ် အရေးပေါ်ခေါ်ယူဖို့လည်း တောင်းဆိုလိုက်တယ်လို့ ယူကေ နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းက နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
လန်ဒန်ရှိ စစ်အာဏာရှင်လက်အောက်ခံ မြန်မာသံရုံးယာယီတာဝန်ခံကိုလည်း ဆင့်ခေါ်ထားပြီး တာဝန်ရှိသူတွေ အရေးယူခံရစေဖို့ နောက်ရက်တွေမှာ ထပ်မံအရေးယူဆောင်ရွက်မဲ့ အစီအမံတွေကို ချမှတ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မီလီဘန်းက “ရိုဟင်ဂျာတွေဟာ ဆိုးရွားလှတဲ့ အကြမ်းဖက်မှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရားရုံးရဲ့ စီရင်ချက်ကို အပြည့်အဝ လိုက်နာရပါမယ်။ ရိုဟင်ဂျာတွေအတွက် စီရင်ချက် အကောင်အထည်ဖော်ရေး၊ တာဝန်ခံမှုရှိရေးနဲ့ တရားမျှတမှု ရရှိရေးတို့ကို ပံ့ပိုးကူညီပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းကလည်း ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ပါဝင်ဆောင်ရွက်ရမဲ့ အချိန်ရောက်ပါပြီ”လို့ပြောပါတယ်။
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ICJ က သမိုင်းဝင်စီရင်ချက်ကို နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်လိုက်ပြီး ယူကေ အနေနဲ့ တရားရုံးနဲ့ နိုင်ငံတကာ ဥပဒေစနစ်အပေါ် အပြည့်အဝထောက်ခံတယ်ဆိုတာက ထပ်ပြီး အတည်ပြုထုတ်ပြန် ပါတယ်။
မြန်မာစစ်အုပ်စုက ရိုဟင်ဂျာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး အဲဒီဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိအောင်ဆောင်ရွက်သွားဖို့ ယူကေက ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
ဒီနေ့မှာပဲ ချက်ချင်း အရေးယူဆောင်ရွက်တာတွေလုပ်နေပြီး မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားပြီးဖြစ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် ယူကေနိုင်ငံက မြန်မာစစ်သံမှူးကို နှင်ထုတ်ဖို့ ညွှန်ကြားလိုက်ပြီး စီရင်ချက်ကို ဆွေးနွေးဖိ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတရပ် အရေးပေါ်ခေါ်ယူဖို့လည်း တောင်းဆိုလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီလို ရာဇဝတ်မှုတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ ကျူးလွန်မရဘူးဆိုတာ တရားရုံးရဲ့စီရင်ချက်က ရှင်းလင်းပြတ်သားတဲ့သတင်းစကားတရပ် ပေးပို့နိုင်စေဖို့ သေချာအောင်လုပ်ရမယ်လို့လည်း ဆိုပါတယ်။











