
PJ (Passport for Job) အမျိုးအစား နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းတိုးမဲ့ သူတွေအနေနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမဲ့အပြင် မိသားစုထံ ၃ လစာ ငွေလွှဲပို့ထားတဲ့ အထောက်အထားတွေကို တင်ပြရမယ်လို့ စင်ကာပူနိုင်ငံရှိ စစ်အာဏာရှင်သံရုံးက တယ်လီဂရမ်မှာ နို၀င်ဘာ ၉ ရက်က ထုတ်ပြန်ပါတယ်။
ဒီအစီအစဉ်တွေကို နို၀င်ဘာ ၁၀ ရက်က စပြီး ကျင့်သုံးမှာ ဖြစ်ပြီး ပတ်စပို့စ်အမျိုးအစား PJ ကနေ PJ သက်တမ်းတိုးသူတွေနဲ့ တခြားပတ်စပို့စ်လက်မှတ်အမျိုးအစားကနေ PJ အမျိုးအစား ပြောင်းလဲလျှောက်ထားသူတွေအကုန် အကျုံး၀င်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မိသားစုထံ ငွေလွှဲပို့ထားတဲ့ အထောက်အထားအဖြစ် DBS နဲ့ OCBC ဘဏ်တွေရဲ့ Remittance ငွေလွှဲဝန်ဆောင်မှု၊ Western Union နဲ့ Ria Money Transfer တို့မှတဆင့် လွှဲပို့ထားတဲ့ Application မှတ်တမ်းတွေ ဒါမှမဟုတ် သက်ဆိုင်ရာငွေလွှဲလုပ်ငန်းတွေရဲ့ တရားဝင်အထောက်အထား စာရွက်စာတမ်းတွေကို လက်ခံစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
မိမိတို့ ရရှိတဲ့လစာနှုန်းထားအလိုက် ၃ လစာ မိသားစုငွေလွှဲပမာဏ တွက်ချက်ထားပြီး ငွေလွှဲ အထောက်အထားတွေ စစ်ဆေးရာမှာ ငွေလက်ခံသူရဲ့ အချက်အလက်တွေကို စိစစ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
စာရွက်စာတမ်းအတုတွေ ပြုလုပ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေ မပြုလုပ်ကြဖို့ စင်ကာပူနိုင်ငံဆိုင်ရာမြန်မာသံရုံးက သတိပေးပါတယ်။
စင်ကာပူနိုင်ငံမှာ ရောက်ရှိနေထိုင်ကျတဲ့ PJ ပတ်စပို့စ်ကိုင်ဆောင်သူတွေအနေနဲ့ မြန်မာသံရုံးကို သွားရောက် သက်တမ်းတိုးမယ်ဆိုရင် လိုအပ်တဲ့ ငွေလွှဲစာရွက်စာတမ်း အထောက်အထားတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။











