
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှိတဲ့ စစ်အာဏာရှင် သံရုံးက နိုင်ငံကူးလက်မှတ် ပတ်စ်ပို့သက်တမ်း ၉ လကျန်သူတွေ သက်တမ်းတိုးဖို့အတွက် ကြိုတင်ငွေ ဝမ် ၅၀,၀၀၀ ပေးသွင်းရမယ် ဆိုတဲ့ သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ကြောင်း နိုဝင်ဘာ ၇ ရက်မှာ ကြေညာလိုက်ပါတယ်။
သံရုံးက သက်တမ်း ၉ လကျန်သူတွေကို GlowMate Application ကနေတဆင့် Online Booking စနစ်နဲ့ သက်တမ်း မကုန်မီ ၃ လအလိုအထိ ပတ်စ်ပို့သက်တမ်းတိုး လျှောက်ထားမှုကို ပြီးခဲ့တဲ့ အောက်တိုဘာလလယ်မှာ စတင် လက်ခံခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို လျှောက်ထားရာမှာ သက်တမ်း ၉ လအထိ ကျန်ရှိသူတွေအနေနဲ့ မြန်မာငွေကျပ် ၁၈၀,၀၀၀ နဲ့ ညီမျှတဲ့ ဝမ် ၅၀,၀၀၀ ကို ကြိုတင်ငွေအဖြစ် ပေးသွင်းရမယ်လို့ သတ်မှတ်ခဲ့တာပါ။
အခု ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့ သက်တမ်းတိုး ဆောင်ရွက်သူတွေ အားလုံးတပြေးညီ ဖြစ်စေဖို့ ကြိုတင်ငွေပေးဆောင်ဖို့ မလိုတော့ကြောင်း အသိပေးထားတာ ဖြစ်ပါတယ်။
စစ်အာဏာရှင် အစိုးရရဲ့ အခုလို ပြောင်းလဲလိုက်တဲ့ သတ်မှတ်ချက်ဟာ လျှော့ပေါ့ပေးတာ မဟုတ်ဘဲ တခြား ထပ်တိုးသတ်မှတ်ချက်တွေနဲ့ ပြန်လည် ချိန်ညှိပြင်ဆင်တာမျိုးသာ ဖြစ်နိုင်တယ်လို့ ကိုရီးယားရောက် မြန်မာ့အရေး လှုပ်ရှားသူတယောက်က သုံးသပ်ပါတယ်။
“သူတို့ရဲ့ နောက်ဆက်တွဲ သတ်မှတ်ချက်တွေ ရှိလာတာကြောင့် ဖြစ်ပါတယ်။ ပတ်စ်ပို့သက်တမ်းတိုးရင် အခွန်အနီးစပ်ဆုံး ၃ လစာ ပေးဆောင်ခိုင်းတာမျိုးတွေ ရှိလာသလို၊ တခြားတဖက်မှာလည်း မူလကတည်းက သက်တမ်းတိုးသူ မှန်းထားသလောက် မရှိဘဲ ဖြစ်နေချိန်မှာ ပိုက်ဆံထပ်မံကောက်ခံနေရင် ပိုပြီးအဆင်မပြေဖြစ်မှာကို တွက်ဆလိုက်တာလည်း ဖြစ်နိုင်ပါတယ်။”
စစ်အာဏာရှင်အစိုးရက ပတ်စ်ပို့ သက်တမ်းတိုးတာနဲ့ ပတ်သက်ပြီး သက်တမ်း ကုန်လွန်နေသူတွေကို မူဝါဒ တင်းကျပ်မှုတွေ ပြုလုပ်လာခဲ့ပြီး၊ သက်တမ်းတိုးရန် ပျက်ကွက်ခဲ့တဲ့ ကာလ ၅ နှစ်အထိကိုပဲ သက်ဆိုင်ရာ သံရုံးတွေမှာ သတ်မှတ် ဒဏ်ကြေးငွေနဲ့ လက်ခံ ဆောင်ရွက်ပေးဖို့ ခွင့်ပြုကြောင်း ကြေညာခဲ့ပါတယ်။
အရင်က သက်တမ်း ၂ နှစ်ထက် ကျော်လွန်သူတွေအတွက် ကန့်သတ်ချက် မရှိခဲ့ပေမဲ့ အခု မူဝါဒ အသစ်မှာတော့ ၅ နှစ်အထိကိုပဲ သံရုံးတွေမှာ လက်ခံ ဆောင်ရွက်ပေးတော့မှာ ဖြစ်ပြီး၊ ၅ နှစ်ထက် ကျော်လွန်ပါက ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လျှောက်ထားရမယ်လို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။











