
စစ်အာဏာရှင်အစိုးရအဖွဲ့မှာ လဝက ဒုဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဒေါက်တာခိုင်ခိုင်စိုးကို သမ္မတရုံး၊ ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်တယ်လို့ စစ်အာဏာရှင် သမ္မတရုံးက ဩဂုတ် ၁၇ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း တာဝန်ယူထားတဲ့ ဒေါက်တာခိုင်ခိုင်စိုးကို သမ္မတရုံး ဒုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးတာကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ် မခွဲ (က)၊ (ဃ) နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉)ပါ ပြဋ္ဌာန်းချက်တွေအရ လုပ်ဆောင်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရန်ကုန်မြို့က ပြည်သူတယောက်က “အခုမှ လူမှန်နေရာမှန် ဖြစ်သွားတာပေါ့။ ပေါ်တင် လိမ်လို့ညာလို့ ကောင်းသွားတာပေါ့။ ဖုံးလို့ဖိလို့ ဖာလို့ ကောင်းသွားတာပေါ့။ လဝက ကနေ သမ္မတရုံးကို ပြောင်းသွားတော့ ပြည်သူကို ပိုညာလို့ ကောင်းသွားတာပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်အာဏာရှင် သမ္မတရုံးရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးခင်မောင်ရီနဲ့ ဒုဝန်ကြီးအဖြစ် ဦးခင်လတ် တို့ တာဝန်ယူနေတဲ့အတွက် သမ္မတရုံးဝန်ကြီးဌာနမှာ ဒုဝန်ကြီး ၂ ယောက် ရှိလာမှာလည်း ဖြစ်ပါတယ်။
လစ်လပ်သွားတဲ့ ဒေါက်တာခိုင်ခိုင်စိုး နေရာမှာ ဦးရဲထွန်းဦးကို လဝက ဒုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့လည်း တဆက်တည်း ကြေညာခဲ့တာကို တွေ့ရပါတယ်။











