
စစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်ဟာ သူ့အစိုးရအဖွဲ့ထဲက ဒုဝန်ကြီးတွေကို အပြောင်းအလဲလုပ် နေရာရွှေ့တယ်လို့ အောက်တိုဘာ ၁၀ ရက်ညမှာ ထုတ်ပြန်ပါတယ်။
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုဝန်ကြီး ဦးကျော်ထင်ကို ဘဏ္ဍာရေးနှင့်အခွန် ဒုဝန်ကြီးအဖြစ် ပြောင်းလိုက်ပြီး ဘဏ္ဍာရေးနဲ့ အခွန် ဒုဝန်ကြီး ဦးဟန်ဝင်းအောင် ကိုတော့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုဝန်ကြီးအဖြစ် ပြောင်းပါတယ်။
အားကစားရေးရာ ဒုဝန်ကြီး ဦးညီညီနဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ဦးထွန်းထွန်းဝင်း တို့ကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေအဖြစ် ပြောင်းလဲပါတယ်။
အမျိုးသမီးရေးရာ ဒုဝန်ကြီး ဒေါ်စန်းစန်းနွယ်ကိုတော့ လစ်လပ်သွားတဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်အဖြစ် ပြောင်းပါတယ်။
အလုပ်သမား ဒုဝန်ကြီး ဦးမောင်မောင်သန်းကို နေပြည်တော်ကောင်စီဝင်အဖြစ် ပြောင်းလဲပါတယ်။
အပြောင်းအရွှေ့တွေလုပ်လို့ လစ်လပ်သွားတဲ့ အမျိုးသမီးရေးရာ ဒုဝန်ကြီးအဖြစ် ဒေါက်တာနေသွယ်ကြည်၊ အလုပ်သမား ဒုဝန်ကြီးအဖြစ် ဦးမျိုးအောင်၊ အားကစားရေးရာ ဒုဝန်ကြီး အဖြစ် ဦးမျိုးကျော်သူတို့ကို တာဝန်ပေးပါတယ်။
အောက်တိုဘာ ၉ ရက်က ဖြုတ်ထားလို့ လစ်လပ်နေတဲ့ ကျန်းမာရေး ဒုဝန်ကြီးနေရာမှာ ဒေါက်တာ တင်ထွန်း၊ ပညာရေး ဒု ဝန်ကြီးနေရာမှာ ဦးဝင်းမောင်သိန်း တို့ကို တာဝန်ပေးပါတယ်။
စစ်ကိုင်းတိုင်း စည်ပင်ဝန်ကြီးအဖြစ် ဦးစောရန်အောင်၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်အေးအေးလှိုင် တို့ကို တာဝန်ပေးတယ်လို့လည်း ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၉ ရက်ကလည်း ကျန်းမာရေး ဝန်ကြီးနဲ့ ဒုဝန်ကြီး၊ ပညာရေး ဒုဝန်ကြီးနဲ့ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ တို့ကို တာဝန်ကနေ အနားပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးနေရာမှာတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာစိုးဝင်းကို တာဝန်ပေးတယ်လို့ တဆက်တည်း ထုတ်ပြန်ခဲ့ပါတယ်။











