ကောက်စိုက်သမ ဈေးကြီးသဖြင့် စပါးအထွက်နှုန်းကျနေဟု စစ်အာဏာရှင်ပြော

မြန်မာနိုင်ငံမှာ ကောက်စိုက်သမတွေ ဈေးကြီးလို့ စပါးအထွက်နှုန်း ကျနေတယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဩဇာခံ ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားစဉ် အခုလို ထည့်သွင်း ပြောကြားသွားတာပါ။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က “အခု ကောက်စိုက်သမတွေ ဈေးကြီးတယ်ဆိုပြီး တချို့နေရာတွေမှာ ကောက်စိုက်သမတွေ အပြည့်အဝ မသုံးနိုင်ဘဲ ကြဲစိုက်တဲ့စနစ်တွေ သုံးတော့ အထွက်နှုန်းတွေ ကျတာပေါ့။ စပါးတွေ အထွက်နှုန်းကျတာပေါ့” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဆန်စပါး အဓိကစိုက်ပျိုးရာဒေသဖြစ်တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင် စတဲ့ဒေသတွေမှာ လုပ်သားရှားပါးမှု အခက်အခဲကို ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုကျော်က စတင်ရင်ဆိုင်နေရတာဖြစ်ပြီး တောင်သူအများစုမှာ ကြဲခင်းတွေသာ အားပြု စိုက်ပျိုးနေကြရတာလည်း ဆယ်စုနှစ် တခုကျော်ပြီ ဖြစ်ပါတယ်။
အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် ဒေသတွင်းက လက်လုပ်လက်စားသမား အများစုဟာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပြင် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့လို ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် ပြောသလို မြေပြင်က နေ့စားလုပ်သားတွေရဲ့ လုပ်ခလစာတွေဟာ ကြီးမြင့်မနေဘဲ တနေ့လုပ်ခ ကျပ် ၁၀,၀၀၀ ဝန်းကျင်သာ ရရှိကြပြီး တနေ့စာ စားသောက်စရိတ်ရဖို့တောင် ရုန်းကန်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းအတွင်းက နေ့စားလုပ်သားတယောက်က “သူက မြေပြင်ကို ဘယ်နှခေါက် လာကြည့်ဖူးလို့လဲ။ မိုးလင်းက မိုးချုပ် သေအောင်လုပ်မှ ၁၀,၀၀၀ ပဲရတာ။ ယောက်ျားလေးတွေမှ ၁၂,၀၀၀၊ ၁၃,၀၀၀ လောက်ရတာ။ အများဆုံးက ၁၅,၀၀၀ ပဲ။ အဲဒါကို ဈေးကြီးတယ်ဆိုတော့ ဦးနှောက်မရှိတာလား” လို့ မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် စပါးစိုက်တောင်သူတွေကို တဧက တင်း ၁၀၀ ပန်းတိုင်ထွက်နှုန်းရအောင် စိုက်ပျိုးကြဖို့ ညွှန်ကြားထားပေမဲ့ မျိုးကောင်းမျိုးသန့်တွေကို မစိုက်ကြလို့ ဒေသတချို့မှာသာ တဧက တင်း ၁၀၀ ထွက်တယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြစ်တင် ပြောဆိုပါတယ်။
အစိုးရအနေနဲ့ တောင်သူတွေကို စပါးစိုက်ဖို့ တဧက ၃ သိန်းနှုန်း ထုတ်ချေးပေးထားတယ်လို့ ပြောပြီး တောင်သူတွေအတွက် အမှန်တကယ် ကုန်ကျစရိတ်မှာ တဧက ၁၀ သိန်းဝန်းကျင်ရှိပြီး အများစုမှာ အရှုံးနဲ့ ရင်ဆိုင်နေကြရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။











