DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများ ICC တရားရုံးက ကိုင်တွယ်ရန် တောင်းဆိုချက် NUG ကြိုဆို
DVB
·
September 28, 2023
မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများ ICC တရားရုံးက ကိုင်တွယ်ရန် တောင်းဆိုချက် NUG ကြိုဆို
Donate to DVB

မြန်မာစစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)က လွှဲပြောင်းကိုင်တွယ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တောင်းဆိုချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) အနေနဲ့  ကြိုဆိုကြောင်း ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ တနေ့တခြား လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာတဲ့အကြောင်း၊ နိုင်ငံတကာက လုံလောက်တဲ့ အရေးစိုက်မှုမရှိတဲ့ မြန်မာ့အရေးကို ICC တရားရုံးဆီ လွှဲပြောင်းကိုင်တွယ်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ခ်က လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်တာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာအကြောင်း အစီရင်ခံစာတင်သွင်းချိန် စက်တင်ဘာ ၂၆ ရက်နေ့က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

လူ့အခွင့်အ‌ရေး မဟာမင်းကြီး ဗော်ကာတာ့ခ်က “တကယ့်မြေပြင်မှာ ပြစ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုနဲ့ အခြေအနေပြင်းထန်မှုတွေ ဆက်ရှိနေတာကြောင့် ဒါနဲ့ပတ်သက်ပြီး အိုင်စီစီ တရားရုံးကို လွှဲပြောင်းပေးဖို့အတွက် ကုလလုံခြုံရေးကောင်စီမှာ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ ပူပင်သောကရောက်မှုအပေါ်မှာလည်း နိုင်ငံတကာက လုံလောက်တဲ့ အာရုံစိုက်မှုမျိုး မရှိတဲ့အတွက် ကာလရှည်ကြာ ခံစားနေရတာပါ။ ဒါကိုမဖြစ်မနေ ပြောင်းလဲရပါမယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီတပ်က ပြုလုပ်နေတဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေဟာ တနေ့တခြား ပိုပိုပြီးဆိုးလာတဲ့အကြောင်းလည်း မဟာမင်းကြီးက ပြောသွားပါတယ်။

လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အမြင့်ဆုံးတာဝန်ထမ်းဆောင်နေတဲ့ မဟာမင်းကြီးရဲ့ ပြောကြားချက်က မဖြစ်မနေလုပ်ဆောင်ဖို့လိုအပ်ပြီဆိုတဲ့အသိတရားကို နိုင်ငံခေါင်းဆောင်တွေဆီ ရောက်ရှိဖို့ တွန်းအားဖြစ်စေမှာလို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကလည်း ပြောပါတယ်။

ဦးအောင်မျိုးမင်းက“လွယ်ကူမှု မရှိဘူးလို့ ပြောပြီး ထိုင်နေမယ့် အစား ဖြစ်နိုင်တဲ့ နည်းလမ်းကနေ ဖြစ်လာဖို့အတွက် လူတိုင်းလူတိုင်း  ဝိုင်းပြီးတွန်းရမှာ။ ကျနော်တို့ NUG အနေနဲ့လည်း ဒီကိစ္စကို အပြည့်အဝ ထောက်ခံပါတယ်။ ဆက်လက်ပြီးလည်း ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာစစ်တပ်ကိုကာကွယ်ပေးနေတဲ့ ရုရှားနဲ့ တရုတ်လိုမျိုး ဗီတိုအာဏာကိုင်ထားတဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေလည်းရှိနေလို့ စစ်ခေါင်းဆောင်တွေကို ICC ပို့ဖို့အတွက် ခက်ခဲနေဦးမယ်လို့လည်း NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က သုံးသပ်ပါတယ်။

ဦးကျော်ဇော်က “ မဟာမင်းကြီးပြောသွားတဲ့ဟာက အင်မတန်ကောင်းတယ်။ ကြိုဆိုတယ်။ ဒီကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အရေးယူဆောင်ရွက်ပြီးတော့ ICC ကို လွှဲပြောင်းပေးဖို့အတွက်လည်း တိုက်တွန်း ပြောကြားချင်တယ်။ နောက်ဒီမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေတဲ့ သန်းပေါင်းများစွာ၊ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေ၊ IDP တွေ အတွက်လည်း နိုင်ငံတကာကနေ အကူအညီတွေပိုပြီးပေးမယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်တွေကို ICC ပို့ဖို့အတွက် ICC အဖွဲ့ဝင်နိုင်ငံတွေချုပ်ဆိုရတဲ့ ရောမသဘောတူစာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတာ မရှိတဲ့အတွက် တိုက်ရိုက်တရားစွဲဆိုတာမျိုး လုပ်လို့ မရပြန်ပါဘူး။

ဒါကြောင့်ပဲ စစ်ခေါင်းဆောင်တွေကို ICC ပို့ပြီး အရေးယူနိုင်ဖို့ဆိုရင်  မြန်မာ့အရေးကို ကုလသမဂဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေး မဲခွဲဆုံးဖြတ်ပြီး  လွှဲပြောင်းပေးအပ်ရမှာ ဖြစ်ပါတယ်။

ဒါတောင်မှ အဖွဲ့ဝင်နိုင်ငံ ၃ ပုံ ၂ ပုံနီးပါးက ထောက်ခံမဲပေးရမှာဖြစ်ပြီး  အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဗီတိုအာဏာသုံးပြီး မပယ်ချဖို့ လိုအပ်ပါသေးတယ်။

ဝါရင့် တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က “ အတူတူနဲ့ အနူနူခြင်းဖြစ်တော့ တယောက်နဲ့ တယောက် ကာကွယ်ပေးတာပေါ့ဗျာ။ လုံးဝ မိတ်ဆွေမရှိတော့တာကိုး။ အခြေနေက အဲ့လိုတော့ ရှိတယ်။ တကယ်လို့သာ ဒီလိုပဲရပ်တည်မယ်ဆိုရင် ကုလသမဂ္ဂကြီးရှိဖို့ရော လိုသေးလားလို့ အဲ့ မေးခွန်းပါသူက မေးသွားတာဗျ”လို့ ပြောပါတယ်။

ကုလလူ့အခွင့်အရေးမဟာမင်းမကြီးက ဒီလိုတွေတိုက်တွန်းနေပေမဲ့ တကယ်ဆွေးနွေးရမယ့် လုံခြုံရေးကောင်စီမှာတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီကိစ္စရပ်တွေကို ဆွေးနွေးခဲ့တာ မရှိသေးဘူးလို့ Free Rohingya Coalition အဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကလည်း ထောက်ပြပါတယ်။

စစ်ခေါင်းဆောင်တွေကို ICC ပို့နိုင်ဖို့ အချိန်ကြာမယ်ဆိုပေမဲ့ အခွင့်အရေးတွေ ရှိနေပါသေးကြောင်း ရိုဟင်ဂျာတွေထွက်ပြေးခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရောမစာချုပ်ကို လက်မှတ်ထိုးထားတဲ့အတွက် ICC ရဲ့တရားစီရင်ပိုင်ခွင့်ထဲမှာ ရှိနေစေတယ်လို့လည်း ဆိုပါတယ်။

ရိုနေဆန်းလွင်က “ရိုဟင်ဂျာအမှုက ICC တရားရုံးမှာရှိနေတယ်။ သူတို့စုံစမ်းစစ်ဆေးမှုတွေ အကုန်လုံး လုပ်နေတယ်။ နောက်ဆုံးအခြေအနေမှာ ဖမ်းဝရမ်းထုတ်တာက ဖြစ်ကိုဖြစ်လာမှာ။ ဖြစ်လာမယ်ဆိုတော့ ကျနော်တို့မှာ တခြားလမ်းကြောင်းတွေကနေသွားဖို့ ဒါကြီး ကလမ်းပိတ်နေတယ်ဆိုပေမဲ့ ICC မှာ အမှုကရှိပြီးသား။ ဒီအမှုက ဖမ်းဝရမ်းထွက်လာပြီဆိုရင် ရိုဟင်ဂျာတစ်ခုတည်းအတွက်ပဲဖြစ်မှာမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးအတွက် တော်တော်လေးကို အကျိုးရှိမယ့်ကိစ္စဖြစ်တယ်ပေါ့နော် ”လို့ သုံးသပ်ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ ၂၀၁၇ ခုနှစ်တည်းကစလို့ ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး အချက်အလက်ရှာဖွေရေးယန္တယား (IIMM) ဖွဲ့စည်းကာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့အပြင် အခုလက်ရှိမှာလည်း မြန်မာနိုင်ငံထဲမှာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို သက်သေ စုဆောင်းတာတွေ ဆက်လုပ်နေပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုဟာ အာဏာသိမ်းပြီး နောက်ပိုင်း ၁၄ လအတွင်းမှာထက် နှစ်ဆကျော်ပိုမိုများပြားခဲ့သလို ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုဟာ စုစုပေါင်း ၆၈၇ ကြိမ်ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောသွားပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013