DVB Logo
Home
မြန်မာသတင်း
ကဝမြို့နယ်တွင် မိုးစပါး  ဧက ၃‌၀၀၀၀ နီးပါး ရေနစ်မြုပ် ပျက်စီး
DVB
·
October 17, 2023
ကဝမြို့နယ်တွင် မိုးစပါး  ဧက ၃‌၀၀၀၀ နီးပါး ရေနစ်မြုပ် ပျက်စီး
Donate to DVB

ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေထွက်ပေါက်နည်းတာကြောင့် စိုက်ပျိုးခဲ့တဲ့ မိုးစပါး  ဧက ၃‌၀၀၀၀ နီးပါး ရေနစ်မြုပ်ပြီး ပျက်စီးခဲ့တယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။

ကဝမြို့နယ်အတွင်းက လယ်စိုက်ဧကရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ဧက ၁၀၀၀၀၀ နီးပါးရေနစ်မြုပ်ပြီး ဧက ၃‌၀၀၀၀ နီးပါး လုံးဝပျက်စီးသွားခဲ့တာပါ။

ကဝမြို့နယ်မှာရှိတဲ့ သက္ကလမြို့အပါအဝင် ကျေးရွာပေါင်း ၅၀ ကျော်မှာ အောက်တိုဘာ ၃ ရက်ကစပြီး ၁၂ ရက်အထိ မိုးဆက်တိုက်ရွာနေတဲ့အတွက် ရေထွက်ပေါက်နေရာတွေမှာ ဆည်တွေခံနေတာကြောင့် ရေထွက်ပေါက်နည်းပြီး လယ်တွေ ရေနစ်မြှုပ်ကုန်တာ ဖြစ်ပါတယ်။

ကဝမြို့ခံ လယ်သမားတဦးက "ပြန်မကောင်းလာနိုင်တော့ဘူး။ ရေကျသွားခဲ့ရင် စပါးက အရောင်ပျက်သွားမယ်။ အပင်တန်းလန်းနဲ့ အညှောက်တွေထွက်လာမယ်။ ပြီးလို့ရှိရင်လည်း ၇၀ မှန်းထားတဲ့စပါးက တဝက်နှုန်းလောက်ကို လျော့သွားမယ်။ ၃၅ တင်းလောက်ပဲရတော့မှာ အဲ့ဒါတောင် ခန့်မှန်းပြောတာ။ ရေမကျသေးတော့ ဘာမှပြောလို့မရဘူး။ ကောက်ကွင်းတွေဆိုလို့ရှိရင် လုံးဝကို ပျက်သွားတာ။ ဥပမာ ရေနက်ကွင်းတွေ ဘာတွေဆိုရင် ခုကတည်းက  မရတော့တာ။ စပါးတဧကကို အနည်းဆုံး ၅ သိန်းကျော် အကုန်ပဲရှိတယ်။ ၁၃သိန်းဆိုတော့ စပါး ၅၀ ရမှ ၆ သိန်းခွဲပဲရမှာ။ စပါး ၅၀ ဆိုတာ‌မသေချာတော့ဘူး။ ၃၅ တင်းလောက်ပဲ ထွက်မယ်ဆို ရှုံးသွားပြီ”လို့ ပြောပါတယ်။

စိုက်ပျိုးရေးကုန်ကျစရိတ်တွေဟာ အရင်နှစ်ကထက် သုံးဆကျော်ပိုမြင့်တက်ခဲ့ပြီး စပါးဈေးကောင်းမရတာနဲ့ မကြုံစဖူး ရေကြီးမှုတွေကြောင့် စပါးစိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။

ကဝမြို့နယ်က စပါးစိုက်တောင်သူတွေဟာ အောက်တိုဘာလအတွင်း စပါးပင်တွေရိတ်ပြီးရင် ပဲဆက်လက်စိုက်ပျိုးကြပေမဲ့ ရိတ်ခါနီးမှ စပါးပင်တွေ ရေမြုပ်ပျက်စီးခဲ့တာကြောင့် စပါးပြန်မကြဲတော့ပဲ  ပဲထပ်စိုက်တော့မယ်လို့ စပါးစိုက်တောင်သူတစ်ယောက်က ပြောပါတယ်။

ကဝမြို့ စပါးစိုက် တောင်သူတဦးက “စပါးက ပြန်ကြဲလို့မရတော့ဘူး။ ပဲ ပဲလုပ်ရတော့မှာပေါ။ မိုးက ကုန်သွားပြီးလေ။ ရေမြုပ်သွားတာနဲ့ စပါးတွေက ရိတ်လို့မရတော့ဘူးလေ။ ၁၄ ဧကကို အကုန်ရတာက ၄ ဧကလောက်ပဲ ရှိတော့တာ။ ၈ ဧကလောက်ပျက်စီးပြီး နည်းနည်းပါးပါး ရိတ်လို့ရတာက ၂ ဧကလောက်ပဲကျန်တာ” လို့ ပြောပါတယ်။

ကဝမြို့နယ်မှာ အခုနှစ်အတွင်း  မိုးစပါးစိုက်ဧက ၁၈၄,၃၆၅ ရှိခဲ့ပြီး ၁၀၀,၀၀၀ နီးပါး ရေနစ်မြုပ်ခဲ့ပေမဲ့  စစ်ကောင်စီရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပျက်စီးစာရင်း လာရောက်ကောက်ယူတာမရှိသလို ‌လာရောက်ကူညီပေးတာတွေလည်း မရှိဘူး စပါးစိုက်တောင်သူတွေက ပြောပါတယ်။

ဩဂုတ်လအစပိုင်းမှာလည်း ကဝမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် လယ်ဧက ၂၀,၀၀၀ လောက် ရေမြုပ်ခဲ့ပြီး စပါးဧက ၂၀,၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

ပဲခူးတိုင်းအတွင်းက ပဲခူး၊ တောင်ငူ၊ ဒိုက်ဦး၊ သနပ်ပင်၊ သာယာဝတီနဲ့ လက်ပံတန်းတို့မှာ အောက်တိုဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေကြောင့် လယ်ကွင်းတွေ ရေနစ်မြုပ်ကာ  စပါးဧကသိန်းနဲ့ချီ ပျက်စီးခဲ့ပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013