
၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ အယ်လ်နီညို ရာသီဥတုဟာ အင်အားအကောင်းဆုံးအဆင့်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနရဲ့ သတိပေးထုတ်ပြန်ချက်အရ သိရပါတယ်။
လာမဲ့ နွေရာသီမှာ မိုးရွာသွန်းမှု ပုံမှန်မဟုတ်တာ၊ နေ့အပူချိန် အလွန်အမင်း မြင့်မားတာနဲ့ မိုးခေါင်ရေရှားမှု ပြဿနာတွေကို မြန်မာနိုင်ငံတဝန်းက တောင်သူတွေ အဓိက ရင်ဆိုင်လာရနိုင်ပါတယ်။
အယ်လ်နီညိုရဲ့ အကျိုးဆက်ကြောင့် အညာပိုင်းဒေသတွေမှာ မိုးရေချိန် မညီမျှမှုနဲ့အတူ မိုးခေါင်ရေရှားမှုဒဏ်ကို ပိုမိုခံစားရဖို့ ရှိနေပါတယ်။
ဒီအခြေအနေမှာ တောင်သူတွေအနေနဲ့ နွေစပါး၊ နှမ်း၊ မတ်ပဲ စတဲ့ သီးနှံတွေမှာ အပူဒဏ်ကြောင့် အထွက်နှုန်း ကျဆင်းနိုင်တာကို အထူးသတိပြုရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ရေလိုအပ်မှုနည်းပြီး အပူဒဏ်ခံနိုင်တဲ့ သီးနှံတွေကို ပြောင်းလဲရွေးချယ်ဖို့ စိုက်ပျိုးရေးပညာရှင် ဦးအောင်မိုးဟိန်းက အကြံပြုထားပါတယ်။
“အဓိက,ကတော့ အယ်လ်နီညိုက ရေရှားပါးမှုပေါ့၊ အဓိက ပြဿနာဖြစ်နိုင်တာ။ ပြီးတော့ မိုးရေချိန် မညီမျှမှုပေါ့။ အညာပိုင်းဒေသတွေကျတော့ ရေနည်းနည်းလေးနဲ့ စိုက်လို့ရမဲ့ သီးနှံတွေ၊ အဲဒါကို အဓိက ရွေးချယ်စိုက်ပျိုးဖို့ပေါ့လေ။ နောက်တခုက အပူချိန် တအားပြင်းလာနိုင်တော့ ရေဆုံးရှုံးမှုနည်းအောင် အပင်တွေကို မြေကြီးကို မြေဖုံးပင် သို့မဟုတ် ကောက်ရိုးတွေနဲ့ အုပ်ထားပြီးတော့ စိုက်မယ်။ ဟင်းသီးဟင်းရွက်တွေ ဆိုလို့ရှိရင်လည်း ဘောင်လေးတွေမှာ ရေဆုံးရှုံးမှုနည်းအောင် စိုက်ဖို့ပေါ့။”
စပါးသိမ်းချိန်ဖြစ်တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ ဆောင်းနှောင်းပိုင်းကစပြီး သက်တမ်းတို နွေနှမ်း၊ မြေနုကျွန်းတွေမှာ နွေမြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှံစားပြောင်း၊ ဘူး၊ ဖရုံ၊ သခွား စတဲ့သီးနှံတွေကို အစားထိုး စိုက်ပျိုးနိုင်ပါတယ်လို့လည်း သူက အကြံပြုပါတယ်။
ဒါ့အပြင် စိုက်ခင်းတွေမှာတော့ မြေဆီလွှာ အစိုဓာတ် ထိန်းထားနိုင်ဖို့ နည်းနည်းသာ ထွန်ယက်ပြီး မြေဖုံးပေးတဲ့စနစ်နဲ့ ရေငွေ့ပျံဆုံးရှုံးမှု သက်သာစေဖို့ ညနေခင်းအချိန်တွေမှာသာ ရေလောင်းပေးသင့်သလို မြေဆီလွှာကို နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကနေ ကာကွယ်ဖို့ ပဲစင်းငုံနဲ့ နှမ်း၊ ပဲတီစိမ်းနဲ့ ပြောင်းဖူး စသဖြင့် ရောနှောစိုက်ပျိုးတဲ့ သီးညှပ်စနစ်ကို ကျင့်သုံးသင့်တယ်လို့လည်း ဆိုပါတယ်။
အယ်လ်နီညိုက သဘာဝရာသီဥတုစက်ဝန်းတခုရဲ့ ပူနွေးတဲ့အဆင့် ဖြစ်ပါတယ်။ အယ်လ်နီညိုဟာ ပုံမှန်အားဖြင့် နှစ်နှစ်ကနေ ခုနစ်နှစ်အတွင်း တကြိမ် ပြန်လည်ဖြစ်ပေါ်တတ်ပြီး ကာလအားဖြင့် ၉ လကနေ တနှစ်အထိ ကြာမြင့်တတ်ပါတယ်။
ပုံမှန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်စ်ဝန်းကျင် ဒါမှမဟုတ် ဒီထက်ပိုပူလာရင် အင်အားအလွန်ကောင်းတဲ့ အဆင့်အဖြစ် သတ်မှတ်လေ့ရှိပါတယ်။
အခု ပစိဖိတ်သမုဒ္ဒရာမှာ အယ်လ်နီညိုဖြစ်စဉ် အင်အားပိုကောင်းလာနေပြီး ၂၀၂၇ ခုနှစ်အထိ သက်ရောက်မှုတွေ ဆက်ရှိနိုင်ပါတယ်။ တချို့ကတော့ အခုဖြစ်စဉ်ကို “စူပါအယ်လ်နီညို” လို့ ခေါ်ကြပါတယ်။
အပူချိန် မြင့်မားလာတာနဲ့အတူ စိုက်ခင်းတွေမှာ သီးနှံရောဂါနဲ့ ပိုးမွှားကျရောက်မှုကလည်း ပုံမှန်ထက် ပိုမိုများပြားလာနိုင်ပါတယ်။
ဓာတုဆေးဝါး သွင်းအားစုတွေ ဈေးနှုန်း အဆမတန် ကြီးမြင့်နေချိန်မှာ ဒီလို ပိုးမွှားအန္တရာယ်ဟာ တောင်သူတွေအတွက် ပိုမိုခက်ခဲတဲ့ စိန်ခေါ်မှုတရပ် ဖြစ်လာနေပါတယ်။
တောင်သူတယောက်က “ပုံမှန်ပူတဲ့ ရာသီမျိုးမှာတောင် ပိုးမွှားတွေ၊ ရောဂါပိုးတွေရဲ့ ပျံ့နှံ့မှုက ပိုများတယ်လေ။ အခုလို တအားပူလာမယ်ဆိုရင်တော့ ပိုဆိုးလာနိုင်တာပေါ့။ အဲဒီတော့ ဒီ ကျနော်တို့ သီးနှံရောဂါနဲ့ ပိုးမွှားတွေ ကာကွယ်ဖို့အတွက် ကျနော်တို့ ဈေးကြီးကြီးပေးဝယ်ရတဲ့ ဓာတုဆေးတွေအစား တခြားနည်းလမ်းဖြစ်တဲ့ သဘာဝအရင်းအမြစ်တွေ သုံးပြီးတော့ ပိုးသတ်ဆေးတွေ၊ မှိုရောဂါ ကာကွယ်တဲ့ဆေးတွေ လုပ်တဲ့နည်းတွေ ပိုပြီးတော့ ဖြန့်ဖြူးနိုင်ဖို့၊ ထောက်ပံ့နိုင်ဖို့ လိုလာတာပေါ့။ သီးနှံတွေအတွက် အသုံးပြုရတဲ့ သွင်းအားစုတွေက ဝယ်ရတာ ပိုပြီးတော့ ဈေးမြင့်လာတာကိုး၊ ပိုခက်ခဲလာတာပေါ့” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အယ်လ်နီညိုကြောင့် မူလကတည်းက ရေရှားပါးတဲ့နေရာတွေမှာ အန္တရာယ် ပိုများနိုင်ပြီး ခြောက်သွေ့တဲ့ကာလ ထပ်ရှည်လာရင် သောက်သုံးရေ၊ မွေးမြူရေးနဲ့ စိုက်ပျိုးရေးအတွက် ဖိအားပိုများလာနိုင်သလို တောင်သူမိသားစုတွေအတွက် သီးနှံအထွက် လျော့တာက စားဖို့အတွက်ရော ဝင်ငွေအတွက်ပါ အခက်တွေ့စေနိုင်ပါတယ်။











