
ဧရာဝတီတိုင်းမှာ အုန်းသီးဈေးနှုန်း အဆမတန် ကျဆင်းလာတာကြောင့် အုန်းသီးစိုက်ပျိုးသူတွေနဲ့ အရောင်းအဝယ် လုပ်ကိုင်သူတွေ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အုန်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပုံမှန်ကာလတွေမှာ အုန်းသီးတလုံးကို ကျပ် ၁,၀၀၀ ကနေ ၂,၅၀၀ အထိ ဈေးပေါက်ခဲ့ပေမဲ့ လက်ရှိမှာတော့ တလုံးကို ကျပ် ၄၀၀ ကနေ ၅၅၀ ဝန်းကျင်အထိသာ ဈေးပေါက်တော့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းက အုန်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “အုန်းသီးဈေးက ခဏနေ တက်လိုက်၊ ပြီးတော့ ပြန်ကျလိုက်ပဲ။ ပြည်ပတင်ပို့တဲ့ အုန်းသီးတွေရဲ့ အဓိကဈေးကွက်က ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေဆိုတော့ သူတို့လိုချင်တဲ့အချိန်မှာ ဈေးပိုပေးတယ်။ မလိုအပ်တဲ့အချိန်ကျတော့ ဈေးလျှော့ဝယ်ကြတယ်။ အရောင်းအဝယ်လုပ်ရတာ အဆင်ပြေတဲ့အချိန် သိပ်မရှိဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းက ထွက်ရှိတဲ့ အုန်းသီးတွေကို ပြည်ပဈေးကွက်ဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကို အဓိက တင်ပို့ရောင်းချနေတာဖြစ်ပြီး အုန်းသီးဈေးကွက် မတည်မငြိမ်ဖြစ်နေတာကြောင့် ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေ အနေနဲ့ အရှုံးပေါ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဘိုကလေးမြို့နယ်က အုန်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “အရောင်းအဝယ် ပါးသွားတယ်။ အဓိကအကြောင်းရင်းက အခုလို ဈေးထိုးကျသွားတာကြောင့်ပါ။ အရင်က ဒီအချိန်ဆို အလုပ်လုပ်ရတာ အရမ်းအဆင်ပြေတယ်။ အရောင်းအဝယ်လည်း အရမ်းဖြစ်တယ်။ အခုက အုန်းသီးဝယ်ပြီး ပြန်ရောင်းရင် ရှုံးပြန်တာပဲ။ တကြိမ်ရှုံးရင် ငွေသိန်းဆယ်ချီ ရှုံးတာဆိုတော့ အလုပ်နားထားရတယ်” လို့ ပြောပါတယ်။
အခုလို အုန်းသီးဈေးကွက် မတည်မငြိမ်ဖြစ်ပြီး ဈေးနှုန်းတွေ ထိုးကျနေတာဟာ ပြည်တွင်းမှာ အုန်းသီးအသုံးပြုမှု နည်းပါးတာ၊ ပြည်တွင်းဈေးကွက်မှာ ဈေးနှိမ်ဝယ်ယူတာနဲ့ ပြည်ပဝယ်လက်တွေ သတ်မှတ်တဲ့ ဈေးနှုန်းအတိုင်းသာ ရောင်းချနေရတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အရင်က တရက်ကို အုန်းသီးအလုံးရေ သန်းချီအထိ အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ အလုံးရေ ထောင်ဂဏန်းအထိသာ အရောင်းအဝယ်ဖြစ်တော့တယ်လို့ အုန်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။











