
ရခိုင်မှာ လက်ရှိ ၂၀၂၆ ခုနှစ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးမှုကို ဧကတဝက်ခန့် လျှော့ချ စိုက်ပျိုးကြတယ်လို့ ဆောင်းသီးနှံစိုက် တောင်သူတွေဆီကနေ သိရပါတယ်။
အခုနှစ်မှာ ဆောင်းသီးနှံ စိုက်ပျိုးဖို့အတွက် စိုက်ပျိုးစရိတ် ပိုကြီးတာနဲ့ ဒေသ မတည်ငြိမ်တာတွေကြောင့် သီးနှံခင်းတွေကို လျှော့ချ စိုက်ပျိုးကြရတာလို့ မြောက်ဦးမြို့နယ်က ဆောင်းသီးနှံစိုက် တောင်သူတယောက်က ပြောပါတယ်။
“အပြည့်မစိုက်နိုင်ပါဘူး။ မနှစ်ကထက် တဝက်လောက် လျှော့စိုက်တယ်။ ဂေါ်ဖီခင်းဆို မနှစ်က အပင် ၁,၀၀၀ စိုက်တာ ဒီနှစ် ၄၀၀ လောက်ပဲ စိုက်တယ်။ ကုန်ကျစရိတ်ကလည်း ကြီး၊ ရတဲ့သီးနှံတွေကို ခေတ်ကာလက မကောင်းတော့ ဘယ်နားသွားရောင်းရမှန်းမသိနဲ့ လျှော့စိုက်ကြရတာ။”
သွင်းအားစုတွေအနေနဲ့ ဆိုရင်လည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ကျပ် ၁၅၀,၀၀၀ ရှိခဲ့တဲ့ ၅၀ ကီလိုဂရမ် မြေဩဇာတအိတ်ကို လက်ရှိ ၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ကျပ် ၃၀၀,၀၀၀ ခန့် ဈေးရှိနေတာလည်း ဖြစ်ပါတယ်။
ဒီလို အဘက်ဘက်က ကျပ်တည်းနေတဲ့ အခြေအနေကြောင့် ဆောင်းသီးနှံခင်းတွေကို မနှစ်ကထက် ဧကလျှော့ချ စိုက်ပျိုးကြရတယ်လို့ ဆောင်းသီးနှံစိုက် တောင်သူတွေက ဆိုကြပါတယ်။
နောက်ထပ် တောင်သူတယောက်ကလည်း “အခက်အခဲဆိုတဲ့နေရာမှာ အားလုံးက အခက်အခဲပါပဲ။ စိုက်ဖို့ ပျိုးဖို့ ကုန်ကျစရိတ်တွေက ကြီးပြီး စိုက်လို့ ပျိုးလို့ ရလာတဲ့ အရာတွေကို ရောင်းမဲ့နေရာ မရှိမှာလည်း စိတ်ပူနေကြရတယ်။ ဒီနှစ် မြေဆီလည်း ဈေးတက်တယ်၊ ထွန်စရိတ်လည်း ဈေးတက်တယ်။ မနှစ်ကထက်ကို ပိုလျှော့ပြီး စိုက်ကြရတယ်” လို့ ပြောပါတယ်။
ရခိုင်မှာ ဆောင်းဦးရာသီရောက်လာရင် မြေပဲ၊ ဖရဲ၊ ဂေါ်ဖီ၊ အာလူး၊ ပြောင်း၊ ခရမ်း၊ မုံညင်း၊ ငရုတ် စတာတွေကို မြောက်ဦး၊ မင်းပြားနဲ့ ကျော်တော်မြို့နယ်တွေမှာ အဓိကစိုက်ပျိုးကြတာဖြစ်ပြီး တပြည်နယ်လုံး အတိုင်းအတာအရ ဆောင်းသီးနှံစိုက်ဧကဟာ ၅ သိန်းကျော် ရှိပြီးတော့ ဒေသမတည်ငြိမ်မှုတွေကြား စိုက်ပျိုးစရိတ်တွေ ကြီးမားတာတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကနေစပြီး ဧကလျှော့ချ စိုက်ပျိုးလာကြရတာ ဖြစ်ပါတယ်။











