
မြန်မာနိုင်ငံရဲ့ အဓိက စပါးစိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီးမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ တာတမံ ကျိုးပေါက်မှုတွေကြောင့် မိုးစပါး စိုက်ဧက သောင်းနဲ့ချီ ရေနစ်မြုပ် ပျက်စီးနေပါတယ်။
ရေမြုပ်ချိန် ၁၄ ရက်အထိ ကြာနေပြီဖြစ်တဲ့အတွက် စပါးခင်းအများစု ပုပ်ဆွေး ပျက်စီးနေပြီး စစ်အာဏာရှင်အစိုးရဘက်က ထိရောက်တဲ့ အကူအညီနဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ မရှိတဲ့အတွက် တောင်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းတာ၊ မြစ်ရေ ချောင်းရေ မြင့်တက်လာတာနဲ့အတူ တာတမံတွေ ကျိုးပေါက်ခဲ့လို့ ဧရာဝတီတိုင်းအတွင်းက စိုက်ပျိုးရေး လယ်ယာမြေ အမြောက်အမြား ရေနစ်မြုပ်နေတာပါ။
လက်ရှိ ရေဘေးဒဏ် ပြင်းထန်စွာ ခံနေရတဲ့ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ဟင်္သာတနဲ့ ရေကြည် စတဲ့ ၄ မြို့နယ်မှာတင် ပုံမှန် မိုးစပါးစိုက်ပျိုးနိုင်တဲ့ စိုက်ဧက စုစုပေါင်း ၃ သိန်းကျော် ရှိနေပြီး လေးမျက်နှာမြို့နယ် တခုတည်းမှာတင် စိုက်ပျိုးဧက ၂၀,၀၀၀ နီးပါးအထိ ရေလွှမ်းမိုးခံထားရပါတယ်။
တိုင်းတခုလုံး အတိုင်းအတာနဲ့ဆိုရင် မိုးစပါးဧက သောင်းချီ ရေနစ်မြုပ် ပျက်စီးသွားပြီလို့ ဒေသခံ တောင်သူတွေက ခန့်မှန်ထားပါတယ်။
ရေဘေးသင့် ဒေသခံတောင်သူတယောက်က “လက်ရှိ ကျနော်တို့ဒေသမှာစိုက်တဲ့ စပါးတွေက ၁၄ ရက် ရေမြုပ်လည်း ပြဿနာမရှိဘူး။ ၁၄ ရက်ကျော်ရင်တော့ ပြဿနာရှိတယ်ပေါ့။ အခုရေမြုပ်တဲ့ကာလက ၁၄ ရက် ကျော်သွားတာပေါ့၊ ဆိုတော့ အခြေအနေဆိုးသွားတာပေါ့။ ဒါကြောင့်မို့ စပါးတွေပျက်တယ်။ ပျက်တဲ့အနေအထားမှာ ဘာတွေပြန်လုပ်ပေးမလဲ၊ ဒီစပါးတွေကို ဘယ်လိုပြန်ပြီးတော့ စိုက်ပျိုးနိုင်အောင် အစိုးရက ထောက်ပံ့မလဲဆိုတဲ့ အဖြေလည်းမရှိဘူး” လို့ ပြောပါတယ်။
ပုံမှန် ရေကြီးရေလျှံမှုမျိုး မဟုတ်ဘဲ ၁၄ ရက်ကျော်ကြာ ရေဝပ်နေတဲ့အတွက် မိုးစပါးခင်း အများအပြားဟာ သေဆုံး၊ ပုပ်ဆွေး ပျက်စီးသွားခဲ့ရပါပြီ။
စစ်အာဏာရှင်သမ္မတရဲ့ လေးမျက်နှာမြို့နယ် ရေဘေးခရီးစဉ်အတွင်း ရေဘေးသင့် လယ်ယာမြေတွေ အတွက် ထိရောက်တဲ့ ကူညီထောက်ပံ့မှု ဒါမှမဟုတ် ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ တိတိကျကျ မပါဝင်ဘဲ "ကိုယ်ထူကိုယ်ထ" ပြန်လည် ကြိုးစားကြဖို့သာ ပြောဆိုခဲ့တဲ့အပေါ် ဒေသခံ တောင်သူတွေက ဝေဖန်ပြောဆိုနေကြပြီး ရေကျချိန် ပြန်လည်စိုက်ပျိုးဖို့ နည်းပညာနဲ့ အကူအညီတွေ လုံးဝမရှိဘူးလို့ ဆိုကြပါတယ်။
တောင်သူတယောက်က “စစ်တပ်ထုတ်ပြန်ချက်ထဲမှာ စပါးခင်းတွေ လယ်ယာမြေတွေကို ပြန်ပြီးတော့ Cover လုပ်ပေးဖို့ အကြောင်းအရာ မပါဘူး။ ကိုယ်ထူကိုယ်ထနဲ့ ဟိုဟာလုပ်ပါဆိုပြီးပဲ ပါနေတယ်။ ဆိုတော့ သာမန်ရေကြီးတာ မဟုတ်ဘဲနဲ့ အချိန်အကြာကြီး ရေမြုပ်တာဖြစ်တဲ့အတွက် လယ်ဧကတွေ တော်တော်များများ ပျက်သွားတယ်။ ပျက်သွားပြီးတော့ အဲဒီလယ်ဧကတွေ ဘာဆက်လုပ်ရမှန်း မသိကြဘူး” လို့ ပြောပါတယ်။
လက်ရှိစိုက်ခင်းတွေမှာ အနှံထွက်ပြီး ဝတ်မှုန်ကူး သန္ဓေအောင်ရတော့မဲ့ အချိန်မှာ အဖျားထိ ရေမြုပ်ပါက စပါးခင်း လုံးဝ ပျက်စီးသွားနိုင်ပြီး ရင့်မှည့်ချိန် ရေဝင်ပါက ဆန်အရည်အသွေး ကျဆင်းကာ ၁၀ ရက်ထက်ပိုပြီး ရေမြုပ်မယ်ဆိုရင် အစိမ်းလိုက် အညှောင့်ပေါက်ပြီး ရိတ်သိမ်းလို့ မရတော့ဘူးလို့ စိုက်ပျိုးရေးပညာရှင်တယောက်က ပြောပါတယ်။
ဒါကြောင့် ၁၄ ရက်ကျော်ကြာ ရေမြုပ်ခဲ့တဲ့ လယ်မြေတွေမှာ အောက်ဆီဂျင် ပြတ်လပ်တာ၊ အက်စစ်ဓာတ် လွန်ကဲပြီး မှို/ဘက်တီးရီးယား ရောဂါတွေ ခိုအောင်းနိုင်တာကြောင့် ရေဆိုးတွေကို အမြန်ဆုံး ဖောက်ထုတ်ဖို့နဲ့ ထုံးနဲ့ သဘာဝမြေဩဇာတွေ ထည့်သွင်းဖို့ စိုက်ပျိုးရေး ပညာရှင်တွေက အကြံပြုထားကြပါတယ်။
စိုက်ပျိုးရေးပညာရှင်တယောက်က "အဓိကကတော့ စပါးစိုက်တာ ကျနော်တို့က ၂ နည်းရှိတာပေါ့။ ရွှေ့ပြောင်းစိုက်တာနဲ့ အစေ့တိုက်ရိုက်ချစိုက်တာပေါ့။ အစေ့တိုက်ရိုက်ချစိုက်တဲ့ စပါးခင်းဆိုရင် အပင်ငယ်စဉ်မှာ အဖျားထိအောင် ၇ ရက်ကနေ ၁၀ ရက်လောက်အထိ ရေမြုပ်သွားရင် ပျက်စီးဖို့ ရာခိုင်နှုန်း ပိုများသွားပြီ။ အသက် ၄၀ ရက်ပတ်ဝန်းကျင် ပင်ပွားကောင်းနေတဲ့အချိန် ရေနစ်ရင်လည်း ပင်ပွားနည်းသွားပြီး အထွက်နှုန်း လျော့သွားမယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မုတ်သုံရာသီ လွန်သွားပါက သက်တမ်းရှည် စပါးတွေအစား ရက် ၉၀၊ ရက် ၁၀၀ အစရှိတဲ့ သက်တမ်းတို စပါးမျိုးတွေ ဒါမှမဟုတ် ပဲမျိုးစုံလို အစားထိုး သီးနှံတွေကို ပြောင်းလဲစိုက်ပျိုးဖို့ လိုအပ်ပြီး ပျိုးထောင်ဖို့ အချိန်မရရင် တိုက်ရိုက်အစေ့ချ စနစ်တွေကို အသုံးပြုဖို့ လိုအပ်တယ်လို့ ထောက်ပြထားကြပါတယ်။
လက်ရှိမှာ ကျေးလက်စိုက်ပျိုးရေးကဏ္ဍ နာလန်ထူဖို့အတွက် အရေးပေါ် မျိုးစပါးတွေနဲ့ ငွေကြေး ထောက်ပံ့မှုတွေ အရေးတကြီး လိုအပ်နေပါတယ်။
မောရစ်











