
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သုံးရက်ဆက်တိုက် မိုးအဆက်မပြတ်ရွာခဲ့တာကြောင့် မြို့နယ် ၅၀ မှာ ရေကြီးရေလျှံမှုတွေ ကြုံနေရပါတယ်။
လေးရက်မြောက်နေ့မှာတော့ ဘန်ကောက်မြို့ရဲ့ လူစည်ကားပြီး အဓိကကျတဲ့ ရပ်ကွက်ကြီးတွေကလွဲရင် ကျန်နေရာ တော်တော်များများမှာ ရေပြန်ကျသွားပါပြီ။
ထိုင်းနိုင်ငံ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ တုံ့ပြန်ရေးဌာန (DPPM) ရဲ့ ဖော်ပြချက်အရဆိုရင် ဒီတခေါက် ရေကြီးရေလျှံမှုမှာ ဘန်ကောက်မြို့က မြို့နယ် ၅၀ အပါအဝင် နိုင်ငံတဝန်း မြို့နယ် ၁၂၀ ကျော်လောက် ရေကြီးတဲ့ဒဏ်ကို ခံခဲ့ရတာပါ။
စက်တင်ဘာ ၂၈ ရက် လေးရက်မြောက်နေ့မှာတော့ နေရာတော်တော်များများ ရေပြန်ကျသွားပေမဲ့ ဘန်ကောက်မြို့ရဲ့ လူစည်ကားပြီး အဓိကကျတဲ့ ရပ်ကွက်တွေဖြစ်တဲ့ ဘန်ကပိ၊ ရမ်းခမ်ဟဲင်နဲ့ လပ်ဖရောဝ်ဘက်တွေမှာတော့ ရေကျန်နေသေးတဲ့အတွက် အသွားအလာ ခက်နေသေးတယ်လို့ ဘန်ကောက်ရောက် မြန်မာတွေက DVB ကို ပြောပါတယ်။
ဘန်ကောက်နေ မြန်မာအလုပ်သမတယောက်က “ဒီမှာကျတော့ 7/11 တွေမှာ ပစ္စည်းတွေ ဘာတွေ ပြတ်သွားတယ်။ မနေ့ကသွားဝယ်တာ ခေါက်ဆွဲပြုတ်တို့ ဘာတို့ သိပ်မရှိဘူး။ ဒီနေ့ကျတော့ ပြန်ဖြည့်ထားတယ်၊ နည်းနည်း နည်းနည်း ပြန်ပြည့်လာတယ်။ မနေ့ကကျတော့ Seven တွေမှာ ပစ္စည်းတွေ ပြတ်နေတယ်။ နောက် ဒီဘက်မှာ သူတို့အစိုးရရုံးပိတ်ရက် နှစ်ရက် ကြေညာထားတယ် ထင်တယ်။ တချို့ကျတော့ လာတယ်၊ တချို့ မလာနိုင်တဲ့သူတွေ နားတာပေါ့ အဲ့လိုမျိုး” လို့ ပြောပါတယ်။
ရေကြီးရေလျှံနေတဲ့ အတောအတွင်း ဘန်ကောက် အပါအဝင် အနီးဝန်းကျင် ပြည်နယ် ၄ ခုမှာ စက်တင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်ကို အထူးရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားကာ စားသုံးကုန်တွေ လုံလုံလောက်လောက် ရှိနေတဲ့အတွက် မစိုးရိမ်ကြဖို့ ထိုင်းအစိုးရက ညွှန်ကြားထားတဲ့အပြင် အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အတွက် အဝေးပြေးလမ်းမကြီးတွေကို စက်တင်ဘေ ၂၉ ရက် ညအထိ အခမဲ့ ဖြတ်သန်းခွင့်ပေးမှာဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ထိုင်းမိုးလေဝသရဲ့ ခန့်မှန်းချက်အရ ဘန်ကောက်နဲ့ အနီးပတ်ဝန်းကျင်မှာ မိုးကြိုးမုန်တိုင်း ဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်း ရှိနေပြီး တချို့နေရာတွေမှာ မိုးတအားရွာဖို့ ကျန်သေးကာ အပူချိန်ကတော့ အနိမ့်ဆုံး ၂၃ ကနေ ၂၄ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံး ၂၉ ကနေ ၃၁ ဒီဂရီစင်တီဂရိတ်အတွင်း ရှိနိုင်ပါတယ်။
မိုးဆက်ရွာနိုင်တဲ့ အခြေအနေမှာ ကျန်နေသေးတဲ့အတွက် ပင်လယ်နဲ့နီးတဲ့ မြို့တွေမှာ စိုးရိမ်စရာ မရှိပေမဲ့ ဘန်းကပိနဲ့ အယုဒ္ဓယလို နေရာတွေမှာတော့ အလုပ်သွားအလုပ်ပြန် သတိထားကြဖို့ကိုလည်း ထိုင်းရောက် မြန်မာအချင်းချင်း သတိပေး နှိုးဆော်နေကြပါတယ်။
ချွန်ဘူရီမှာနေထိုင်သူတယောက်က “ချွန်ဘူရီက ပင်လယ်နဲ့နီးတဲ့အခါကျတော့လေ သူက ပင်လယ်မှာ ရေထွက်ပေါက် ရှိတဲ့အခါကျတော့ ဒီလောက်ထိ စိုးရိမ်စရာမရှိဘူး။ စိုးရိမ်ရမှာက ဗမာပြည်သားတွေရှိတဲ့ ပင်လယ်မရှိဘူး၊ ချောင်းရေပဲရှိတဲ့ ဘန်းကပိတို့၊ အယုဒ္ဓယတို့ အဲဒါတွေ စိုးရိမ်ရမယ်။ ဒီ မိုးလေဝသ ထိုင်းမိုးလေဝသပြောပုံအရဆိုရင် ဒီနေ့က ထိုင်းနိုင်ငံမှာ နောက်ဆုံးပဲ ဟိုဗမာပြည်ဘက် (မုန်တိုင်း) ပြန်သွားတော့မယ်” လို့ ပြောပါတယ်။
လက်ရှိ ထိုင်းနိုင်ငံရဲ့ ရေကြီးရေလျှံမှုမှာ လူအနည်းဆုံး ရှစ်ယောက်သေဆုံးထားပြီး လူပေါင်း ငါးသိန်းကျော် ရေဘေးခံစားနေရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားကာ တောင်တရုတ်ပင်လယ်ပြင်နဲ့ ဗီယက်နမ်ကမ်းရိုးတန်းမှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းက ထိုင်းနိုင်ငံ အလယ်ပိုင်းကနေတဆင့် အနောက်ဘက်ကို ဆက်လက် ရွေ့လျားလာနေပါတယ်။
အဲဒီကနေတဆင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေနဲ့ မုတ္တမကွေ့ဘက်ကို ဆက်ပြီး ရွေ့လျားဝင်ရောက်လာဖို့ ရှိနေတာကြောင့် သက်ဆိုင်ရာဒေသတွေ အနေနဲ့ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ လေပြင်းတိုက်တာတွေအတွက် ကြိုတင်သတိပြုကြဖို့ မိုးဇလက သတိပေး နှိုးဆော်ထားပါတယ်။
မောရစ်










